CNI International News

ဂျေရုဆလင်၊ ဇွန်လ ၁၃

၈ လကြာ ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲ အဆုံးသတ်စေရန်အတွက် အမေရိကန်က ရေးဆွဲထားသည့် အပစ်အခတ် ရပ်စဲရေး အစီအစဉ်ကို အပြုသဘောဆောင် တုန့်ပြန်ခဲ့ပြီး သဘောတူညီချက်ရရှိရန် ကျယ်ပြန့်သည့် လမ်းကြောင်း တစ်ခုကို ဖွင့်ပေးခဲ့ကြောင်း ဟားမာ့စ်အဖွဲ့က ဇွန်လ ၁၂ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

သို့သော် ဟားမာ့စ်အဖွဲ့နှင့် အစ္စရေးတို့က ထိုအပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမည်ဟု လူသိရှင်ကြား ကတိမပြုခဲ့ခြင်းကြောင့် အပစ်အခတ်ရပ်စဲရေး အခြေအနေမှာ သေချာရေရာမှု မရှိသေးကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

ဟားမာ့စ်အဖွဲ့သည် မေလ ၃၁ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က ထုတ်ပြန်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဇွန်လ ၁၁ ရက်တွင် တရားဝင် တုန့်ပြန်ချက် တင်သွင်းခဲ့သည်။ 

သို့သော်လည်း အစ္စရေးကမူ ဟားမာ့စ်၏ တုန့်ပြန်ချက်သည် အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို ငြင်းဆိုသည့် သဘော သက်ရောက်ကြောင်း ပြောကြားခဲ့သလို ဟားမာ့စ်အဖွဲ့ အရာရှိတစ်ဦးက ၎င်းတို့၏ တောင်းဆိုမှုများသည် လက်ရှိအစီအစဉ်တွင် ပါဝင်ခြင်းမရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

အီဂျစ်နှင့် ကာတာနိုင်ငံတို့ကမူ ဟားမာ့စ်အဖွဲ့၏ တုန့်ပြန်စာလွှာကို လက်ခံရရှိကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိပေ။

 ဟားမာ့စ်၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် တစ်ဦးဖြစ်သည့် အစ်ဇက် အယ်ရီရှားကို တွေ့ရစဉ်

ဇွန်လ ၁၂ ရက်အစောပိုင်းက ဟားမာ့စ်၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် တစ်ဦးဖြစ်သည့် အစ်ဇက် အယ်ရီရှား (Izzat al-Risha) က ၎င်းတို့အဖွဲ့၏ တုန့်ပြန်စာလွှာသည် တာဝန်ယူမှု၊ လေးနက်မှုရှိပြီး အပြုသဘောဆောင်ကြောင်း၊ သဘောတူညီမှုအတွက် ကျယ်ပြန့်သည့် လမ်းကြောင်းတစ်ခု ဖွင့်ထားကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

အမည်မဖော်လိုသည့် အခြား ဟားမာ့စ်အရာရှိတစ်ဦးကမူ ၎င်းတို့၏ တုန့်ပြန်မှုသည် ဂါဇာတွင် ရန်လိုမှုများ ထာဝရ အဆုံးသတ်ရေး၊ အစ္စရေးတပ်ဖွဲ့များ ရုပ်သိမ်းရေး၊ ဂါဇာဒေသ ပြန်လည်ထူထောင်ရေးနှင့် အစ္စရေးတွင် ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်း အကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးတို့အတွက် မိမိတို့၏ ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့ အရင်သဘောထားကိုပဲ ထပ်လောင်း ပြောဆိုခဲ့တာပါ။ ဘာမှကြီးကြီးမားမား ကွာခြားတာမျိုး မရှိပါဘူး။ အခြေအနေက အစ္စရေးအပေါ်မှာပဲ မူတည်ပါတယ်” ဟု ထိုဟားမာ့စ်အရာရှိက  ပြောကြားခဲ့သည်။

အမေရိကန်ကလည်း ၎င်း၏ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အစ္စရေးက လက်ခံခဲ့ကြောင်း ပြောကြားခဲ့ သော်လည်း အစ္စရေးကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

Source: ရိုက်တာ