CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PLSF/TNLA) တို့အကြား ပြဿနာကြီးထွားလာမှုကို ကြားဝင်ဖြေရှင်းပေးရန် TNLA ၏တောင်းဆိုမှုနှင့်ပတ်သက်ပြီး မိမိတို့ထံ ညွှန်ကြားချက် မရှိသေးကြောင်း KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ KIA နှင့် TNLA တို့ကြား ဖြစ်ပွားနေသော နယ်မြေအငြင်းပွားမှုနှင့် အုပ်ချုပ်ရေး အငြင်း ပွားမှု ပြဿနာများကို ကြားဝင်ဖြေရှင်းပေးရန် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ထံ ပေးပို့သည့် စာတစ်စောင်ထွက်ပေါ်ခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အထက်က ညွှန်ကြားချက် မရှိသေးသလို မိမိတို့ အနေဖြင့်လည်း မကြားသိရသေး ကြောင်း KIA မှ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

၎င်းက “ကျနော်တို့ သတင်းဌာန အနေနဲ့ ဘာမှမကြားသိရပါဘူး။ ကျနော်တို့ ဗဟိုကော်မတီ လူကြီးတွေဆီမှာ စာတွေရောက်တာလား။ အချင်းချင်း ညှိနှိုင်းဆွေးနွေးတာ ရှိတာလားတော့ ကျနော် မပြောတတ်ဘူးပေါ့နော်၊ ကျနော်တို့ ညွှန်ကြားတာလည်း မတွေ့ဘူး။ အသိပေးတာလည်း မရှိဘူး။ ကျနော်တို့ သတင်းဌာနအနေနဲ့ ကြားသိ ရတာတော့ မရှိသေးပါဘူး” ဟု ပြောသည်။

TNLA စီမံခန့်ခွဲမှုအောက်ရှိ မန်တုံမြို့နယ် အွည်လော-မိုင်းဘော်ဒေသမှ ဘော်ဟိုကျန့်သတ္ထုတွင်း လုပ်ငန်းများ ရှေ့ဆက်မလုပ်နိုင်ရန် KIA က အမျိုးမျိုးနှောင့်ယှက်နေကြောင်း၊ ထို့အတူ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်ဒေသရှိ မိမိတို့ အုပ်ချုပ်ရေးလုပ်ငန်းများကို နှောင့်ယှက်သည့်အပြင် ဒေသခံလူထု၏ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် ကြိုးစားနေမှုကို ဟန့်တားလျက်ရှိကြောင်း TNLA ၏ စာထဲတွင် ဖော်ပြထားသည်။

TNLA နဲ့ UWSA ရဲဘော် ၂ ဦးကိုတွေ့ရစဉ်

ထိုလုပ်ဆောင်ချက်များကြောင့် TNLA အောက်ခြေတပ်ဖွဲ့များနှင့် မကြာခဏ ပွတ်တိုက်မှုများ ဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်အဖွဲ့အစည်း၏ ပြဿနာမှာ ထိန်းသိမ်းရန် ခက်ခဲသည့်အခြေအနေကို ရောက်ရှိလာကြောင်း၊ ထို့ကြောင့် ပြဿနာများကို ကြားဝင်ဖြေရှင်းပေးပါရန် တောင်းခံကြောင်း FPNCC သို့ TNLA က ပေးပို့သည့်စာထဲတွင် ဖော်ပြ ထားသည်။

FPNCC တွင် ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ‘ဝ’တပ်ဖွဲ့(UWSA)၊ ရှမ်းတပ်ဖွဲ့(SSPP)၊ ပလောင်တပ်ဖွဲ့(TNLA)၊ ကချင်တပ် ဖွဲ့(KIA)၊ ရခိုင်တပ်ဖွဲ့(AA)၊ မိုင်းလားအဖွဲ့(NDAA) စသည့် လက်နက်ကိုင် ၇ ဖွဲ့ပါဝင်ကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ TNLA ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

သို့သော်လည်း မိမိတို့အနေဖြင့် မဟာမိတ် အဖွဲ့အစည်းအကြားလည်းကောင်း၊ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းအကြားလည်းကောင်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး၍ ပြေလည်ပြီဖြစ်ကြောင်း TNLA မှ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက မေလကုန်ပိုင်းမှာ CNI သတင်းဌာနသို့ ပြောကြားထားသည်။

ပဋိပက္ခမဖြစ်ပွားရန် ညှိနှိုင်းအဖြေရှာရမှာဖြစ်ကြောင်း၊ နှစ်ဖက်အဖွဲ့အစည်းအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ရမှာဖြစ်ကြောင်း တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) မှ ဦးအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

TNLA ရဲဘော် ၂ ဦးကိုတွေ့ရစဉ်

၎င်းက “ဒီကိစ္စနဲ့ ပတ်သက်ပြီးမှ ကျနော်အမြင်ပေါ့နော်၊ TNLA နဲ့ ဆွေးနွေးတာ ကောင်းတယ်လေ၊ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ စစ်ရေးစစ်ရာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘာမှပြောစရာတော့ မရှိဘူးပေါ့။ ကျနော်တို့အမြင်ပေါ့နော် ညှိနှိုင်းပြီးမှ အဖြေရှာတာ အကောင်းဆုံးပေါ့နော်၊ ပဋိပက္ခ မဖြစ်အောင်တော့ နှစ်ဖက် စလုံးတော့ ထိန်းထိန်းသိမ်းသိမ်းတော့ လုပ်ရမှာပေါ့နော်၊ ဒါပေမဲ့ ကျနော်ခုနက ပြောသလိုပေါ့ လွှတ်တော် ကိုယ်စားလှယ် အနေနဲ့သည် ဝင်ပြီးမှလည်း ထည်ထည်ဝင်ဝင်လည်း မပြောချင်ဘူး။ ပြောလို့လည်း မကောင်းဘူး ပေါ့ ကျနော်တို့ နိုင်ငံရေးသမားတွေပေါ့၊ စစ်ရေးစစ်ရာနဲ့ ပတ်သက်လို့ ကျနော်တို့ နည်းနည်းတော့ လက်ရှောင်ထား တယ်ပေါ့နော်” ဟု ပြောသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့က ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မန်တုံ၊ နမ့်ဆန်၊ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းငေါ့နှင့် မိုင်းလုံမြို့တို့ကို TNLA က သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးကို ထူထောင်လျက်ရှိနေသည်။ 

ထို့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားကြသည့် လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းအကြား နယ်မြေ အငြင်းပွားမှုများနှင့် အုပ်ချုပ်ရေး အငြင်းပွားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့ပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှု ရှိလာခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ်(MNDAA)၊ TNLA၊ KIA၊ AA၊ SSPP၊ UWSA၊ PDF၊ ပြည်သူ့စစ်၊ မြန်မာ့တပ်မတော်၊ နယ်ခြားစောင့်တပ် စသည့် လက်နက်တပ်ဆင်ထားသော အဖွဲ့အစည်းများ လှုပ်ရှား လျက်ရှိသည်။