CNI International News

ဘေကျင်း၊ ဇူလိုင် ၁ 

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းက ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးကို အဂတိလိုက်စားမှု စွဲချက်များဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ကြောင်း ကြေညာခဲ့ပြီးနောက် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ပိုင်းများအကြား အဂတိ လိုက်စားမှုအပေါ် ဒေါသတကြီး တိုက်ဖျက်နေသည့် အခြေအနေသည် ပိုမိုရှုပ်ထွေးလာခဲ့သည်ဟ်ု South China Morning Post မှ ဖော်ပြခဲ့သည်။

တရုတ်ခေါင်းဆောင်များက အဂတိလိုက်စားမှုသည် တရုတ်၏ တိုက်ခိုက်နိုင်စွမ်းနှင့် နျူကလီးယား အဟန့်အတား များအတွက် ခြိမ်းခြောက်မှုဖြစ်နေသည်ဟု ရှုမြင်ထားကြကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မကြုံစဖူး လုပ်ဆောင်ချက် တစ်ရပ်အဖြစ် ကွန်မြူနစ်ပါတီတွင် အဖွဲ့ဝင် ၂၄ ဦး ပါဝင်သည့် ပေါ်လစ်ဗျူရိုသည် ကာကွယ်ရေးဝန်ကြီးချုပ်ဟောင်း နှစ်ဦးဖြစ်သည့် ဝေ့ဖန်ဂီ (Wei Fenghe) နှင့် လီရှန်ဖူ (Li Shangfu) တို့ကို အဂတိလိုက်စားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

ဝေ့နှင့် လီတို့သည် စစ်တပ်၏ ရှေ့နေများထံမှ ပြစ်မှုဆိုင်ရာ စွဲချက်များနှင့်လည်း ရင်ဆိုင်ရဖွယ်ရှိသည်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

ဝေ့သည် ၂၀၁၈ ခုနှစ်၊ မတ်လမှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လီသည် ၂၀၂၃ ခုနှစ်၊မတ်လမှ အောက်တိုဘာလအထိ တာဝန်ထမ်းဆောင်ခဲ့ကာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

ဝေ့နှင့် လီတို့သည် ကွန်မြူနစ်ပါတီနှင့် ဗဟိုစစ်ကော်မရှင်တို့၏ ယုံကြည်မှုအပေါ် သစ္စာမဲ့ခဲ့ပြီး စစ်တပ်၏ နိုင်ငံရေး အခြေအနေကို ညစ်နွမ်းစေခဲ့ကာ ပါတီ၏လမ်းစဉ်၊ အမျိုးသားကာကွယ်ရေး၊ စစ်တပ်၏ ဖွဲ့စည်းပုံနှင့် ထိပ်သီး ခေါင်းဆောင်များ၏ ပုံရိပ်ကို ထိခိုက်စေခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ထိုကဲ့သို့ သုံးနှုန်းဖော်ပြမှုများသည် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ ပထမသက်တမ်းအတွင်း အဂတိ လိုက်စားမှုကြောင့် ထုတ်ပယ်ခံခဲ့ရသည့် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌဟောင်း နှစ်ဦးကို သုံးနှုန်းဖော်ပြခဲ့သည့် ဝေဖန် ရှုတ်ချသည့် စကားလုံးများထက် ပိုမိုကြမ်းတမ်းခဲ့သည်။

တရုတ် ကာကွယ်ရေးဝန်ကြီးဟောင်း ဝေ့ဖန်ဂီကို တွေ့ရစဉ် 

လီသည် စစ်ဘက်ဆိုင်ရာ  လိုအပ်သည့် ပစ္စည်းများဝယ်ယူမှုတွင် အကျင့်ပျက်ခြစားမှု သံသယဖြင့် စုံစမ်းစစ်ဆေး ခံခဲ့ရကြောင်း ပြီးခဲ့သည့်နှစ်က ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဗိုလ်ချုပ်ကြီး ၁၁ ဦးနှင့် လေကြောင်းအာကာသ ကာကွယ်ရေး လုပ်ငန်း အုပ်ချုပ်ရေး အဖွဲ့ဝင်အချို့သည်  အမျိုးသားဥပဒေပြုရေးအဖွဲ့မှ ဖယ်ရှားခံခဲ့ရမှုနှင့်အတူ ပြီးခဲ့သည့်နှစ်က စပြီး တရုတ်စစ်တပ်သည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ပြုလုပ်ခဲ့ပြီး ရာထူးမှ ထုတ်ပယ်မှုများ ပြုလုပ်ခဲ့ သည်။

လီ မတိုင်မီ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဝေ့သည် ပြီးခဲ့သည့်နှစ် မတ်လက အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုအတွင်း ရာထူးမှ အစားထိုးခံခဲ့ရပြီးကတည်းက လူထုမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သူ ဖြစ်သည်။

Source: SCMP