CNI International News

မက်ဒီဆင်၊ ဇူလိုင် ၈

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ပြုလုပ်ခဲ့သည့် စကား စစ်ထိုးပွဲတွင် စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် ၎င်းအား သမ္မတရွေးကောက်ပွဲမှ နုတ်ထွက်စေရန် ဒီမိုကရက်အချို့ ၏ ဖိအားပေးခြင်းကို ခံနေရချိန်၌ သူ့အနေဖြင့် ရွေးကောက်ပွဲကို ဆက်လက်ယှဉ်ပြိုင်မည်ဟု ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဇူလိုင် ၆ ရက်က ဝစ္စကွန်ဆင် (Wisconsin) ပြည်နယ်တွင် အေဘီစီသတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူး အတွင်း ဘိုင်ဒန်က သူသည် နိုဝင်ဘာ ၅ ရက်၌ ကျင်းပမည့် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်နှင့် ယှုဉ်ပြိုင် နိုင်မည့် အကောင်းဆုံး ကိုယ်စားလှယ်လောင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဇွန်လ ၂၇ ရက်က ဒေါ်နယ်ထရမ့်နှင့် ပြုလုပ်ခဲ့သည့် စကားစစ်ထိုးပွဲတွင် ဘိုင်ဒန်၏ ညံ့ဖျင်းသည့် စွမ်းဆောင်ရည် နှင့် ၈၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ၎င်း၏ အသက်အရွယ်တို့ကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိ/မရှိအပေါ် ဒီမိုကရက်အချို့က စိုးရိမ်လျက်ရှိသည်။

ဘိုင်ဒန်နဲ့ ဒေါ်နယ့်ထရမ့်ကို တွေ့ရစဉ်

ဘိုင်ဒန်သည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ရန် သေချာသလောက်နီးပါး ဖြစ်နေပြီး သူနှင့်အတူ အခြား ဒီမိုကရက်များပါ အရှုံးနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဝေဖန်ရေးသမားများက သတိပေးနေမှုနှင့်အတူ ဒီမိုကရက်တစ်ပါတီအတွင်း စိုးရိမ်မှုများ မြင့်တက်နေသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အောက်လွှတ်တော် ဒီမိုကရက်များနှင့် အထက်လွှတ်တော် အမတ်များသည် လာမည့် သီတင်းပတ်၌ ဝါရှင်တန်တွင် အစည်းအဝေး ပြုလုပ်ကြမည်ဖြစ်သည်။

ပြည်သူ့သဘောထား စစ်တမ်းအချို့တွင် ဒေါ်နယ်ထရမ့်သည် ဘိုင်ဒန်ထက် လူကြိုက်များနေပြီး ရိုက်တာ သတင်းဌာနက ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုတွင်လည်း ဒီမိုကရက် ၃ ဦးလျှင် ၁ ဦးသည် ဘိုင်ဒန်ကို ရွေးကောက်ပွဲမှ နုတ်ထွက်စေလိုသည့် ဆန္ဒရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ဘိုင်ဒန်ကမူ ထိုအခြေအနေများနှင့် ပတ်သက်ပြီး ငြင်းဆိုခဲ့သည်။

ဘိုင်ဒန်ကိုတွေ့ရစဉ်

“ကျနော်တို့ ပြီးခဲ့တဲ့ အပတ်က စကားစစ်ထိုးပွဲမှာ စကားအနည်းငယ်ပဲ ပြောနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒါဟာ ကျနော့်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်လို့ မပြောနိုင်ပါဘူး။ ကျနော်အပေါ် အများကြီး မျှော်လင့်ထားကြပါ တယ်။ ဘိုင်ဒန် ဘာလုပ်မှာလဲ၊ ရွေးကောက်ပွဲကို ဆက်ပြိုင်မလား၊ ဒါမှမဟုတ် ထွက်မှာလားဆိုပြီး မေးခွန်းတွေ လည်း ရှိနေပါတယ်။ အဲဒီမေးခွန်းတွေအတွက် အဖြေကတော့ ကျနော် ဆက်ပြိုင်မှာ။ နောက်တစ်ကြိမ် အနိုင်ရ မှာပါလို့ ဖြေချင်ပါတယ်” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

ဘိုင်ဒန်သည် အေဘီစီ သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် လူထု သဘောထားဆန္ဒ စစ်တမ်းများ၌ သူသည် ဒေါ်နယ်ထရမ့် နောက်တွင် ပြတ်ကျန်နေခဲ့သည်ဆိုသော ရလဒ်များကို ငြင်းဆိုခဲ့ပြီး သူအသာစီးရသည့် စစ်တမ်းများလည်းရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သူသည် ဒေါ်နယ်ထရမ့်နှင့် ယှဉ်ပြိုင်နိုင်မည့် အကောင်းဆုံး ကိုယ်စားလှယ်လောင်းဖြစ်ပြီး ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲတွင် အနိုင်ယူနိုင်သည့် တစ်ဦးတည်းသောသူဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ