CNI International News

ဘန်ကောက်၊ ဇူလိုင် ၈

ပြီးခဲ့သည့်လက အသက် ၅၇ နှစ်ပြည့်သွားခဲ့သည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ် (Yingluck Shinawatra) သည် လာမည့် ၁၂ လအတွင်း ထိုင်းသို့ ပြန်လာဖွယ်ရှိကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

“ကျမမှာသာ အခွင့်အလမ်း ရှိခဲ့မယ်ဆိုရင် နောက်နှစ် မွေးနေ့ပွဲကို သင်တို့နဲ့အတူ ကျင်းပချင်ပါတယ်။ အဲဒီလို ကျင်းပနိုင်ပါ့မလား” ဟု ယင်းလပ်က ဇွန်လ ၂၁ ရက်တွင် ဘန်ကောက် (Bangkok) မြို့သို့ ဗွီဒီယိုကော ခေါ်ဆိုမှု တွင် ၎င်း၏ ထောက်ခံသူများကို မေးမြန်းခဲ့သည်။

ပြီးခဲ့သည့်လက ဘန်ကောက်မြို့တော်ရှိ သက်ဆင်မိသားစု၏ စံအိမ်အနီးရှိ ရပ်ကွက်တစ်ခုတွင် မွေးနေ့ရှင် ယင်းလပ် မပါဘဲ မွေးနေ့ပွဲကို ကျင်းပခဲ့သည်။ 

ယင်းလပ်သည် လက်ရှိတွင် လန်ဒန်မြို့(ဗြိတိန်နိုင်ငံ)၌ နေထိုင်လျက်ရှိကြောင်း ၎င်း၏ လူမှုမီဒီယာပို့စ်များအရ သိရသည်။

 သက်ဆင်နဲ့ ယင်းလပ်ကို တွေ့ရစဉ်

ယင်းလပ်၏ တူမဖြစ်ပြီး အာဏာရဖြူးထိုင်းပါတီ ခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra)က ယင်းလပ်ဆီသို့ လာရောက်လည်ပတ်မည်ဟု ကတိပြုထားသည့် Instagram မွေးနေ့ မက်ဆေ့ချ်ကို တင်ခဲ့သည်။

“ဒါပေမယ့် ကျမတို့ ထိုင်းကိုပြန်ရင် အန်တီလည်း အတူတူပြန်လိုက်ခဲ့ပြီး ကျမတို့နဲ့ အတူနေရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်”ဟု ယင်းလပ်၏ အစ်ကို သက်ဆင် (Thaksin) ၏ သမီးအငယ်ဆုံးဖြစ်သည့် ပေတုန်တန်က Instagram တွင် ရေးသားခဲ့သည်။

ဧပြီလအတွင်းက ထိုင်းနှစ်သစ်ကူး ဆုတောင်းတွင် သက်ဆင်က လာမည့်နှစ် ဆောင်ခရမ်ရေကစားပွဲတော်တွင် ယင်းလပ်နှင့်အတူ ၎င်းတို့၏ မွေးရပ်ဇာတိဖြစ်သည့် ချင်းမိုင်တွင် ကောင်းမှုကုသိုလ်များ ပြုလုပ်လိုကြောင်း ပြောကြားခဲ့သည်။

အာဏာရဖြူးထိုင်းပါတီ ခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ်နဲ့ ယင်းလပ်ကို တွေ့ရစဉ်

“ယင်းလပ်က ဒီနှစ်ထဲမှာ ပြန်လာချင်နေတာပါ။ ဒါပေမယ့် သူ ဘယ်အချိန် ပြန်လာမလဲဆိုတာ ကျနော် မသိပါဘူး” ဟု သက်ဆင်က ပြောကြားခဲ့သည်။

ဧပြီ ၁၄ ရက်က မိသားစုနေ့တွင်လည်း သက်ဆင်က သူ ထိုင်းသို့ ပြန်လာပြီး မိသားစုနှင့်အတူ နေထိုင်ရခြင်းသည် ပြည်ပြေးဘဝဖြင့် ပြည်ပတွင် နေထိုင်ရခြင်းထက် ပိုပြီး ပျော်ရွှင်စရာကောင်းကြောင်း ပြောကြားခဲ့သည်။

အာဏာသိမ်းခံခဲ့ရသည့် သက်ဆင်သည် ပြည်ပြေးဘဝဖြင့် ပြည့်ပတွင် ၁၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့် နှစ် ဩဂုတ်လ၌ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ထို့နောက် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသော်လည်း ဘုရင်၏ ပြစ်ဒဏ်လျှော့ပေါ့မှု၊ ခံဝန်ကတိတို့ဖြင့် ယခုနှစ် အစောပိုင်းတွင် ပြန်လွတ်မြောက်လာခဲ့သည်။

Source: Thai PBS World