CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၄

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ(ငြိမ်း)နှင့် သူရဦးရွှေမန်း၏ သားဖြစ်သူ ဦးတိုးနိုင်မန်းတို့ ဖမ်းဆီးခံထားရသည်ဟု သတင်းများမှာ မှားယွင်းကြောင်း၊ ဖမ်းဆီးခံရခြင်းမရှိကြောင်း မိသားစုနှင့်နီးစပ်သူများ အပါအဝင် နစကဘက်က CNI သတင်းဌာနသို့ အတည်ပြု ပြောသည်။

မတ်လ ၂၃ ရက်နေ့ညပိုင်းက ဦးတိုးနိုင်မန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ(ငြိမ်း)တို့ကို နစကဘက်က ဖမ်းဆီးလိုက်သည်ဟု သတင်းမီဒီယာတချို့အပြင် ဆိုရှယ်လူမှုကွန်ရက်သုံးစွဲသူများက ရေးသားဖော်ပြခဲ့ကြသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “မဟုတ်ပါ၊ ဗိုလ်ချုပ်ကြီးကျော်ဆွေ တပ်မတော်နေ့ အခမ်းအနားတက်တက်ရန် နေပြည်တော် ရောက်ရှိလျက်ရှိပါတယ်”ဟု ပြောသည်။

အလားတူ ဦးတိုးနိုင်မန်းသည် သမီးဖြစ်သူ၏ ကျန်းမာရေးကြောင့် စင်္ကာပူနိုင်ငံသို့ သွားရောက်နေထိုင်၍ ဆေးကုသမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသည့် သတင်းများမှာ သတင်းအမှားသာ ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူ တစ်ဦးက CNI သတင်းဌာနသို့ အတည်ပြုပြောသည်။

၎င်းက “သူက မနှစ်က ဧပြီလောက်ကစပြီးတော့ သူက သူ့သမီးလေးရဲ့ ကျန်းမာရေးအတွက် သူ့သမီးလေး ကျန်းမာရေးက သုံးလ တစ်ကြိမ် စင်္ကာပူမှာ ကျန်းမာရေးစစ်ဆေးမှုခံရတာ လုပ်ရတယ်။ အဲလို သူက သုံးလ တစ်ကြိမ် စင်္ကာပူမှာ ပြရတဲ့အခါကျတော့ အခုကိုဗစ်ကာလဆိုတော့ ဟိုရောက်တဲ့အခါမှာ ကွာရတင်း ဝင်ရ တယ်။ ဒီပြန်ရောက်တဲ့အခါကျတော့လည်း ကွာရတင်းဝင်ရတယ်။ နောက်ပုံမှန် လေကြောင်းလိုင်းလည်း မရှိ ဘူး။ သူက ဒီအသွားအလာလေးက ဆရာဝန်ချိန်းတဲ့အတိုင်း မဖြစ်ဘူးဆိုတော့ အဲတာနဲ့အဆင်ပြေအောင် ဆိုပြီးတော့ ကလေးကျန်းမာရေးအတွက် ဟိုမှာသွားနေကြတာ။ အဲစလုံး(စင်္ကာပူ)မှာပဲ သွားနေတာ။ စလုံးမှာ ပဲသွားနေတာ အခုချိန်ထိလည်း ပြန်မလာဘူး။ အဲမှာပဲရှိနေတယ် သူက”ဟု ပြောသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်လည်း ဖမ်းခံရသည်ဆိုသော သတင်းမှာလည်း မှားယွင်း ကြောင်း ကာယကံရှင်က ထုတ်ပြန် ပြောကြားထားသည်။