CNI International News

မော်စကို၊ မတ်လ ၂၄

ကုလသမဂ္ဂဆိုင်ရာမစ်ရှင်မှ ရုရှားဝန်ထမ်း ၁၂ ဦးကို နှင်ထုတ်ရန် အမေရိကန်၏အမိန့်ကို တုံ့ပြန်သည့်အနေဖြင့် ရုရှား ပြည်တွင်းရှိ အမေရိကန်သံတမန်ဦးရေ အကန့်အသတ်မရှိ နှင်ထုတ်ကြောင်း မော်စကိုက ကြေညာခဲ့သည်ဟု အာရ်တီ သတင်းဌာနမှ ဖော်ပြသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မော်စကိုမြို့ရှိ အမေရိကန်အကြီးတန်း သံတမန်တစ်ဦးကို မတ်လ ၂၃ ရက်တွင် ဆင့်ခေါ်ခဲ့ပြီး ပြည်နှင်ဒဏ်ပေးလိုက်သည့် အမေရိကန်သံတမန် ဝန်ထမ်းစာရင်း ပေးအပ်ခဲ့သည်။

ယခုကဲ့သို့ ဆင့်ခေါ်ရခြင်းမှာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂမစ်ရှင်မှ ရုရှားသံတမန်များ နှင်ထုတ်ခံရခြင်းနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ရုရှားဝန်ထမ်းတစ်ဦး အဖယ်ရှားခံရခြင်းတို့အပေါ် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ရုရှားအပေါ် အမေရိကန်ပြည်ထောင်စု၏ ရန်လိုသော လုပ်ရပ်ဟူသမျှကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်း” ၎င်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နှောင်းပိုင်းက ရုရှားသံတမန် ၁၂ ဦးအပေါ် ပုဂ္ဂိုလ်ရေးဆိုင်ရာကြေညာရန် ဆုံးဖြတ်ချက်တစ်ရပ်ကို ဝါရှင်တန်က မော်စကိုသို့ အသိပေးခဲ့သည်။ အမေရိကန်ဘက်မှ နှင်ထုတ်လိုက်သော ရုရှားနိုင်ငံသားများသည် မိမိတို့ အမျိုးသားလုံခြုံရေးကို ကျိုးပေါက်စေပြီး သူလျှိုလှုပ်ရှားမှုများ၌ ပါဝင်နေကြကြောင်း ဝါရှင်တန်က အခိုင်အမာ ပြောကြားခဲ့ သည်။

ပူတင်နဲ့ဘိုင်ဒန်ကိုတွေ့ရစဉ်(GETTY IMAGES)

ထိုစဉ်က ဝါရှင်တန်၏ ဆုံးဖြတ်ချက်ကို မော်စကိုက ရှုတ်ချခဲ့ပြီး ကတိကဝတ်များ ချိုးဖောက်ခဲ့ခြင်းအတွက် အပြစ်တင်ခဲ့ သည်။

ယခုအခါတွင်လည်း မော်စကိုအနေဖြင့် အမေရိကန်သံတမန်များကို ထပ်မံနှင်ထုတ်ခြင်း မပြုလိုသော်လည်း အမေရိကန်ဘက် မှ အသာစီးယူလိုခြင်းနှင့် ညှိနှိုင်းရန် ဆန္ဒမရှိခြင်းတို့ကြောင့် တခြားရွေးချယ်စရာ မရှိတော့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက ကြေညာခဲ့သည်။

လွန်ခဲ့သော ရက်သတ္တပတ်ကလည်း အမေရိကန်သည် ဝါရှင်တန်ရှိ ရုရှားသံရုံးမှ ဒုတိယအဆင့် အမြင့်ဆုံး သံတမန်ဖြစ်သူ ဆာဂျေထရီပယ်ကော့ဗ်ကို နှင်ထုတ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့ပြင် ယမန်နှစ် အကုန်ပိုင်းကလည်း ရုရှားသံတမန် ၂၇ ဦး ထွက် ခွာကြရန် အမေရိကန်က အမိန့်ပေးခဲ့ဖူးသည်။
ထို အချိန်မတိုင်မီက အမေရိကန်ပြည်တွင်း၌ ရုရှားသံတမန်ပေါင်း ၂၀၀ ခန့် သွားရောက် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

မော်စကိုနှင့်ဝါရှင်တန်တို့အကြား ဆက်ဆံရေးသည် ပျက်ပြားလုနီးပါး ဖြစ်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်း၌ ရုရှားထိုးစစ်ကို တုံ့ပြန်သောအားဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို စစ် ရာဇဝတ်မှု ကျူးလွန်သူ၊ လူသတ်အာဏာရှင်၊ မိုက်မဲသူ စသည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး နောက်ထပ် ပြင်းထန်သည့် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

Source: အာရ်တီ