CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ ပင်လုံမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တပ်စခန်းအနီးသို့ တပ်မတော်နှင့် RCSS စစ်ကြောင်းများ လှုပ်ရှားလာနေကြောင်း SSPP/SSA က သတင်းထုတ်ပြန် ပြောကြားသည်။

ဧပြီ ၁၉ ရက်နေ့က တပ်မတော်၏ အမှတ် ၅၁၃ လက်အောက်ခံ တပ်ရင်း အမှတ် ၂၇၇၊၂၇၈ မှ ဗိုလ်မှူးထွန်းဝင်းအောင် ဦးဆောင်ပြီး အင်အား ၃၀၀ ကျော်ဖြင့် ပင်လုံ၊ လဲချားကနေ စစ်ကြောင်း ၃ ကြောင်းခွဲ၍ ပင်လုံမြို့နယ်ထဲရှိ စနင်းတောင် ဘက်ခြမ်း SSPP/SSA စခန်းအနီး စစ်ရေးလှုပ်ရှားလာကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် RCSS တပ်မှ စံခေး၊ စံဖ၊ ခိဝ်ဖတို့ ဦးဆောင်သည့် တပ်မ အမှတ် ၆၀၆ က စနင်းတောင် အနောက်မြောက် ဘက်ခြမ်းရှိ ဖာလိုင်း၊ ကျိုင်းခမ်းလုံဘက်မှာ စစ်ရေးလှုပ်ရှားနေကြောင်း SSPP က ပြောသည်။

SSPP က “စစ်အင်အား ၉၀ လောက်ရှိတဲ့ နောက်တပ်စု တစ်ခုလည်း စနင်းတောင်ရဲ့ တောင်ဘက်ခြမ်းက နားလောင်း၊ ကုံးခေးကျေးရွာဘက်မှာ လှုပ်ရှားနေပြီး တပ်စု အမှတ် ၇၀၇ လည်း လဲချားမြို့ရဲ့ အရှေ့တောင် ဘက်ခြမ်း နမ့်မိုဒေသ ဘက်က SSPP/SSA တပ်စခန်းအနီးမှာ စစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်”ဟု ပြောသည်။

SSPP နဲ့ NSPNC တို့ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်က တွေ့ဆုံကြစဉ်

လက်ရှိ အချိန်တွင် တပ်မတော်နှင့် SSPP ကြား စစ်ရေးတင်းမာနေကြောင်း၊ ထိုသို့ စစ်ရေးတင်းမာနေချိန် RCSS ကလည်း စစ်ရေးလှုပ်ရှားလျက်ရှိကြောင်း SSPP က ထုတ်ပြန်ခဲ့သည်။

ထို့နောက် လွယ်တိုင်းလျန်းဌာနချုပ်ကနေ ဗိုလ်မှူး စိုင်းမြ၊ ဗိုလ်မှူး စိုင်းကာလိဝ်၊ ဗိုလ်မှူး စိုင်းလိုင် တို့ ဦးဆောင်သည့် စစ်ကြောင်း ၃ ကြောင်း အင်အား ၂၀၀၀ ဝန်းကျင်ခန့် စစ်ရေးတင်းမာလျက်ရှိသည့် ဒေသဘက်သို့ ဦးတည် ချီတက်လာ နေကြောင်း SSPP က ပြောသည်။

SSPP နဲ့ NSPNC တို့ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်က တွေ့ဆုံကြစဉ်

၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က SSPP မှ ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြရာ ရှမ်းပြည် နယ်တောင်ပိုင်းရှိ SSPP စခန်းများ တပ်ဆုတ်ရန် တပ်မတော်ဘက်က ပြောခဲ့သည်။

ထိုသို့ တပ်ဆုတ်ခိုင်းမှုအပေါ် SSPP ဘက်ကလည်း လက်မခံခဲ့ကြောင်း၊ တပ်မတော်ဘက်က စစ်အင်အားတိုးချဲ့လာပါက တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း SSPP မှ အထွေထွေအတွင်းရေးမှူး(၂) ဒုဗိုလ်မှူးကြီးစိုင်းဆုက CNI သို့ ပြောထားသည်။