CNI International News

ဟောင်ကောင်၊ ဇွန်လ ၂၅

တရုတ်၏ AI Bot များတွင် ကျား/မ ဘက်လိုက်မှုများရှိနေကြောင်း စွပ်စွဲခံနေရသဖြင့် တရုတ်အစိုးရအတွက် စိတ်ကသိကအောက် ဖြစ်စေခဲ့သည်ဟု Hongkong Post မှ ဖော်ပြခဲ့သည်။ 

ထိုကဲ့သို့ AI Bot များနှင့် စနစ်များတွင် ကျား/မ ဘက်လိုက်မှု ရှိနေသည့်အချက်က တရုတ်ပြည်မကြီးအတွင်း အမျိုးသမီးများ၏ အခြေအနေကို ဖော်ပြရာ ရောက်နေသည်။

South China Morning Post သတင်းစာတွင် ဖော်ပြထားသည့် ဆောင်းပါးတစ်ပုဒ်၌ တရုတ်၏ လူသုံးအများဆုံး Baidu ၏ Ernie Bot ကဲ့သို့ AI Bot များတွင် ကျား/မ ဘက်လိုက်မှုများရှိနေသည် ဆိုသည့်အချက်က ကမ္ဘာလုံး ဆိုင်ရာ အသိုင်းအဝိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

အမေရိကန်အခြေစိုက် Open AI ကုမ္ပဏီ၏ Chat GPT ကဲ့သို့ ဖန်တီးထားသည့် Baidu ၏ Ernie Bot တွင် ထိုကဲ့သို့ ကျား/မ ဘက်လိုက် ဖော်ပြမှုများရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဥပမာအနေဖြင့် သက်ကြီးရွယ်အို တစ်ဦးအား ပြုစုစောင့်ရှောက်ပေးနေသည့် သူနာပြုတစ်ဦး၏ပုံကို Ernie Bot အား ရေးဆွဲခိုင်းချိန်တွင် သူနာပြုနေရာ၌ အမျိုးသမီးသူနာပြုအဖြစ် ပုံဖော်ရေးဆွဲခဲ့သည်။

ကျား/မ ကွဲခြားမှုသရုပ်ပြကိုတွေ့ရစဉ်

ထို့နောက် တပည့်များအား ပညာသင်ကြားနေသည့် သင်္ချာပါမောက္ခတစ်ဦး သို့မဟုတ် အလုပ်သမားများကို ဆုံးမ သြဝါဒပေးနေသည့် သူဋ္ဌေးတစ်ဦး၏ပုံများကို ရေးဆွဲခိုင်းချိန်တွင် အမျိုးသားများ၏ပုံများဖြင့် ရေးဆွဲဖော်ပြခဲ့သည်။ 

ထိုကဲ့သို့ အမျိုးသားများကို ဦးစားပေးပြီး အမျိုးသမီးများကို နှိမ်ချသည့်ပုံစံမျိုး ဘက်လိုက်သည့် AI မော်ဒယ်များ သည် တရုတ်နိုင်ငံအတွင်း ပျံ့နှံ့နေသည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် AI Chat bot ဖြစ်သည့် Erine Bot ကို တီထွင်ဖန်တီးနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်မှာ ၂ လခန့် သာရှိသေးသော်လည်း ထို Erine Bot ကို အသုံးပြုသူပေါင်း သန်း ၂၀၀ ကျော်အထိရှိနေကာ AI Bot နယ်ပယ်တွင် ပြိုင်ဆိုင်မှုများကို မြင့်တက်စေခဲ့သည်။

ထိုအခြေအနေမျိုးတွင် တရုတ်၏ AI Bot များ၌ ကျား/မ ဘက်လိုက် ဖော်ပြမှုများရှိနေသည့် ပြဿနာကို အဖြေရှာရန် တရုတ်သုတေသန ပညာရှင်များနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ပရော်ဖက်ရှင်နယ်များက စတင် လုပ်ဆောင်နေကြကြောင်း Hongkong Post သတင်းတွင် ဖော်ပြခဲ့သည်။

Source: Hongkong Post