CNI Article

၂၀၂၄ ခုနှစ်၊ ဇွန်လ ၈

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ကြိုးပမ်းမှုများ အနက် အချက်အလက်မရှိသည့် ရွှေ့ပြောင်းနေထိုင်သူများအား ဝေဖန်တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဧပြီ ၃၀ ရက်က ထုတ်ပြန်ခဲ့သည့် Times မဂ္ဂဇင်းနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ထရမ့်က ရွှေ့ပြောင်းနေထိုင်သူများအား မိမိတို့နိုင်ငံ၊ မိမိတို့၏ ချမ်းသာကြွယ်ဝမှုနှင့် မိမိတို့၏ အလုပ်အကိုင်များကို ခိုးယူရန် ရောက်ရှိလာသည့်  ရာဇဝတ်သားများဟု ရည်ညွှန်းပြောဆိုခဲ့သည်။

အထူးသဖြင့် ထရမ့်သည် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူများကို သရော်လှောင်ပြောင် လေ့ရှိပြီး တရုတ်ရွှေ့ပြောင်းများသည် မိမိတို့နိုင်ငံကို ပုံဖော်နေသော အဓိက အင်အားစု ဖြစ်ကြောင်း၊ အထောက် အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများ အရေးသည် မိမိတို့နိုင်ငံကို ကျူးကျော်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီက ထရမ့်၏ ရွှေ့ပြောင်းနေထိုင်သူများ ဆန့်ကျင်ရေး လေလုံးထွား ပြောဆိုမှုများသည် ပိုမို ပြင်းထန် လာခဲ့သည်။ သို့သော်လည်း ထိုအချင်းအရာသည် အသစ်အဆန်းတစ်ခုတော့ မဟုတ်ပေ။

ဥပမာပြရမည်ဆိုပါက ၂၀၁၆ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာသည့် ပထမဆုံး မိန့်ခွန်းတွင် ထရမ့်သည် မက္ကဆီကို ရွှေ့ပြောင်းနေထိုင်သူများအား မူးယစ်ဆေးဝါး သယ်ဆောင်လာသူများ၊ ရာဇဝတ်မှုများကို ဆောင်ကျဉ်း လာသူများ၊ အဓမ္မပြုကျင့်သူများအဖြစ် ထည့်သွင်းပြောဆို ခဲ့သည်။

ဒေါ်နယ်ထရမ့် နာမည်ပါ ဦးထုပ်များကိုတွေ့ရစဉ်

ထရမ့်သည် ထိုသို့ အပျက်သဘောဆောင်သည့် ပြောဆိုမှုများကို အဘယ်ကြောင့် ထပ်တလဲလဲ ပြောဆိုနေပါ သနည်းဟု မေးခွန်းထုတ်ရ မည်ဆိုပါက ရွေးကောက်ပွဲမဟာဗျူဟာတွင် လူထုအကြား လှုပ်လှုပ်ရှားရှားဖြစ်အောင် စေ့ဆော်ရာ၌ အလုပ်ဖြစ်သောကြောင့် ဖြစ်သည်။

ရွှေ့ပြောင်းများကို ဆန့်ကျင်သည့် ထရမ့်၏ ပြောဆိုမှုများသည် အမေရိကန်၏ အဓိက မဲဆန္ဒရှင်ဖြစ်သည့် အလုပ်အကိုင်ရှိသော လူဖြူအမေရိကန်များ၏ ထောက်ခံမှုကို ရရှိခဲ့သည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တမ်းများတွင်လည်း ထရမ့်သည် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ထက် လူဖြူ မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ၁၃ ဒသမ ၇ ရာခိုင်နှုန်းကျော် ပိုမိုရရှိထားသည်ဟု ဖော်ပြထားသည်။

ထို့ပြင် ဘွဲ့မရသည့် လူဖြူအမေရိကန်များအနက် ၆၀ ရာခိုင်နှုန်းမှာ ထရမ့်ကို ထောက်ခံထားကြသည်။

ထို့ကြောင့် လူဖြူအမေရိကန်များ၏ ခိုင်မာသည့် ထောက်ခံမှုနှင့်အတူ ထရမ့်သည် မကြာသေးမီက လူမည်းများနှင့် စပိန်စကားပြောသော လက်တင်အမေရိက မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ရရှိရန် ကြိုးပမ်းနေသည့် အခြေအနေ ကို စောင့်ကြည့်ရမည်ဖြစ်သည်။

နယူးယောက်စီးတီးမြို့မှ ဘီလျံနာတစ်ဦးဖြစ်သူ ထရမ့်အနေဖြင့် အလုပ်သမား လူတန်းစား အမေရိကန်များ အကြား ခိုင်မာသည့် ထောက်ခံမှုကို မည်သို့ရရှိခဲ့သည်ဆိုသော မေးခွန်းသည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲက ထရမ့် အနိုင်ရရှိခဲ့သည့် အချိန်ကတည်းက မေးခွန်းတစ်ခု ဖြစ်ခဲ့သည်။

ဘိုင်ဒန်ကိုတွေ့ရစဉ်

ထရမ့်၏ သာမန်လူထုအကျိုးမျှော်ဝါဒ ကျင့်သုံးသည့် စတိုင်သည် ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် နောက်ကျ ကျန်နေရစ်မည့် အရေးကို စိုးရိမ်သည့် အမေရိကန်များအား ဆွဲဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ထရမ့်၏ ၂၀၁၆ နှင့် ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများကို သုတေသန ပြုလုပ်ခဲ့ရာတွင် ထရမ့်သည် လူမျိုးစု အမျိုးသားရေးဝါဒဖြင့် လှုပ်ရှားခဲ့သည်ကို တွေ့ရပြီး  လူဖြူ၊ ခရစ်ယာန်၊ အမေရိကန်ဖွား၊ အင်္ဂလိပ်စကားပြော အစရှိသည် စံသတ်မှတ်ချက်များဖြင့် မည်သူက အမေရိကန်စစ်သည်၊ မည်သူက အမေရိကန်မစစ် ဟူ၍ ခွဲခြား သတ်မှတ် ခြင်းဖြစ်သည်။

ထရမ့်သည် ထိုသဘောတရားဖြင့်  လူဖြူအမေရိကန်များအား အမေရိကန် မစစ်သည့်သူများ၊ အထူးသဖြင့် အထောက်အထားမဲ့ ရွှေ့ပြောင်းများ၏ ခြိမ်းခြောက်မှုရန်မှ ကာကွယ်ပေးမည်သူအဖြစ် သူ့ကိုယ်သူပုံဖော်ပြီး အမေရိကန်များ၏ ထောက်ခံမှုကို ရရှိရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ထရမ့်ကို လူဖြူမဟုတ်သည့် လက်တင်အမေရိကန်များနှင့်  စပိန်ဘာသာစကားပြောသည့် လက်တင်အမေရိကန်များက အဘယ်ကြောင့် ထောက်ခံနေကြပါသနည်း။

ထရမ့်ကို ထောက်ခံသည့် လူဖြူမဟုတ်သည့် အခြားအသားရောင်ရှိသည့် အမေရိကန်များသည် လူမျိုးရေးနှင့် ရွှေ့ပြောင်းနေထိုင်ရေးတို့နှင့်ပတ်သက်ပြီး ရှေးရိုးစွဲ အမြင်ရှိကြသူများ ဖြစ်နိုင်သည်။

မကြာသေးမီက ထရမ့်သည် ထိုရှေးရိုးစွဲ အမြင်များကို ထောက်ခံသည့် ပုံစံဖြင့် ရွှေ့ပြောင်းနေထိုင်သူများအား ဆန့်ကျင်သည့် ပြောဆိုမှုများကို အရှိန်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။

ထရမ့်သည် ၎င်းအား ထောက်ခံသည့် လူဖြူမဲဆန္ဒရှင် အင်အားစု အပြင် အမေရိကန်တွင် ရွှေ့ပြောင်းနေထိုင်သူများ ဖြင့် လူမျိုးရေးပြဿနာများနှင့်ပတ်သက်ပြီး ရှေးရိုးစွဲအမြင်ရှိသည့် အသားအရောင်ရှိသော လူနည်းစုများ၏ သဘောထားကို သံယောင်လိုက် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ထရမ့်၏ နှုတ်မှုရေးရာ ကျွမ်းကျင်မှုနှင့် လိမ်မာပါးနပ်သည့် စကားပြော စွမ်းရည်တို့ကြောင့် အသားအရောင်ရှိသော လူနည်းစု အမေရိကန်များ၏ ထောက်ခံမှုကို ရရှိသည်မှာ ထူးဆန်းလှခြင်းတော့ မဟုတ်ပေ။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထရမ့်သည် လူဖြူမဲဆန္ဒရှင်များနှင့် အသားအရောင်ရှိသည့် လူနည်းစု အမေရိကန်များ၏ ထောက်ခံမှုကို ရရှိရန် မဲဆွယ်စည်းရုံးပွဲများတွင် လိမ္မာပါးနပ်စွာဖြင့် စကားပရိယာယ်များ သုံးစွဲပြောဆိုခဲ့သည်။

သို့သော် ထိုကဲ့သို့ စကားပရိယာယ် အသုံးပြုနေသည့် နည်းဗျူဟာသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိအောင် မည်သည့်နည်းဖြင့် အထောက်အကူ ပြုပေးနိုင်ပါသနည်း။ ထိုမေးခွန်းမှာ အသစ်အဆန်းတော့ မဟုတ်ပေ။ အမေရိကန်နိုင်ငံရေးလောကတွင် လူမျိုးရေး-အမျိုးသားရေးဝါဒသည် ကာလကြာရှည် တည်ရှိနေခြင်းကြောင့် ထရမ့်သည် ထိုဝါဒဖြင့် ထောက်ခံမှုများကို ရယူကာ ရွေးကောက်ပွဲကို အသာစီးရယူနိုင်ခြေရှိသည်။

ထိုဝါဒသည် အမေရိကန်တွင် မည်သည့်လူမျိုး၊ မည်သည့်အသားအရောင်၊ မည်သည့်ဘာသာကို ကိုးကွယ်သူ ဖြစ်ဖြစ် အမေရိကန်နိုင်ငံသားအားလုံး တန်းတူအခွင့်အရေး ရှိသည်ဆိုသည့် အချက်အပေါ် အခြေတည်ထားခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထရမ့်သည် အမေရိကန်၏  ကိုယ်ပိုင်လက္ခဏာကို အောင်မြင်စွာ ကာကွယ်နိုင်သည့် ခေါင်းဆောင်တစ်ဦးအဖြစ် ပုံဖော်ပြီး လှုပ်ရှားလျက်ရှိသည်။

အထူးသဖြင့် ထရမ့်သည် အမေရိကန်သာ ပထမဆိုသည့် မူဝါဒဖြင့် အမေရိကန်အရေးကိစ္စများကို ဦးစားပေးမည့် ၎င်း၏ မူဝါဒအတိုင်း ဆက်လက်လှုပ်ရှားနေသည်။

ထရမ့်၏ ပြိုင်ဘက်ဖြစ်သည့် ဘိုင်ဒန်ကမူ ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သက်သည့် မူဝါဒများကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး နိုင်ငံခြားရေးမူဝါဒကို ဦးစားပေးကာ မဟာမိတ်များနှင့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းရန် ကတိပြုထားသည်။

ထို့ကြောင့် အမေရိကန်၏ အမျိုးသားရေး လက္ခဏာများအပေါ် အမြင်မတူသည့် ခေါင်းဆောင်နှစ်ဦး၏ ယှဉ်ပြိုင်မှု တွင် ပြည်တွင်းမဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ရယူရန် စကားပြောစွမ်းရည် သာလွန်မှုရှိသည့် ထရမ့်က အနိုင်ရရှိ မည် ဟုတ်/မဟုတ်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

Source: Asia Times