CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆

မွန်ပြည်နယ်တွင် ယခုနှစ် ကောက်စိုက်ခ ဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်ထက် ထက်ဝက်ခန့် မြင့်တက်လာနေသည့် အတွက် တောင်သူများသည် စိုက်ခင်းထက် ပျိုးကြဲသည့်စနစ်သို့ ပြောင်းလဲလုပ်ဆောင်လာနေကြကြောင်း သိရ သည်။

ကောက်စိုက်ခ ဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်တွင် တစ်ဦးလျှင် ငွေကျပ် ၁၀,၀၀၀ ကျပ်သာ ရှိသော်လည်း ယခုနှစ် တွင် ၁၂,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်အထိ ဖြစ်ပေါ်နေသည်ဟု သိရသည်။

ကောက်စိုက်ခဈေးနှုန်း မြင့်တက်လာရခြင်းသည် လက်ရှိ ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် အခြေခံကုန်ဈေးနှုန်း မြင့်တက်ခြင်းနှင့် လုပ်သားရှားပါးသည့် အခက်အခဲများကြောင့် ဖြစ်သည်။

ကောက်စိုက်ခဈေးနှုန်း မြင့်တက်ခြင်းနှင့် လုပ်သားအခက်အခဲများကြောင့် တောင်သူများက အချိန်မှီ စိုက်ပျိုးမှု မလုပ်နိုင်မည်ကို စိုးရိမ်သည့်အတွက် ပျိုးကြဲသည့်စနစ်ကို လုပ်ဆောင်လာကြခြင်း ဖြစ်သည်ဟု မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ တောင်သူ ကိုလွင်အေးက CNI သတင်းဌာနသို့ ပြောသည်။

ကောက်စိုက်တောင်သူများကိုတွေ့ရစဉ်

၎င်းက “လယ်သမားတွေက အခုက ကျနော်တို့ဘက်မှာ ကြဲခင်းလို့ ခေါ်တာပေါ့နော် တိုက်ရိုက် စိုက်တာလို့ ခေါ်တာပေါ့နော်။ အဲဒီလယ်လုပ်သား ရှားပါးမှုကြောင့် လယ်သမားတော်တော်များများက ကောက်စိုက်၊ ပျိုးနှုတ်တဲ့ ဈေးနှုန်းတွေ မြင့်တာရယ်၊ ကောက်စိုက်သမားခေါ်လို့ ချက်ချင်းမှ ကောက်စိုက်တယ်ဆိုတာက အချိန်နဲ့တပြေးညီ စိုက်ရတာကိုး။ မျိုးသက် ရက် ၃၀ သားဆိုရင် ကျနော်တို့ စိုက်ရပြီလေ။ ရက် ၃၀ ထက် လွန်သွားပြန်ရင်လည်း ကျနော်တို့က ထိခိုက်နိုင်တာပေါ့။ အထွက်နှုန်းကအစပေါ့၊ ပိုပြီးတော့ ကုန်ကျစရိတ်လည်း များသွားနိုင်တာပေါ့။ ကိုယ့်မျိုး ရက် ၃၀ သား၊ စိုက်လို့ရပြီဆိုတဲ့အချိန်မှာ အခုလို ပျိုးနှုတ်၊ ကောက်စိုက်သမားက အချိန်မီ ခေါ်လို့မရရင် ကျနော်တို့ လယ်သမားတွေအတွက် အများကြီး ထိခိုက်တာပေါ့။ အဲဒီလို ဖြစ်မှာစိုးလို့ လယ်သမား တော်တော်များ များက တိုက်ရိုက်အစေ့ချ ကြဲခင်းစနစ်ကို သုံးလာကြတယ်။ ကြဲခင်းစနစ် သုံးလာတဲ့အခါကျတော့ ကောက်စိုက် လုပ်သားတွေ မလိုဘူးပေါ့နော်။ ဒါပေမယ့် ကြဲခင်းဆိုတာတော့ စိုက်ခင်းလောက်တော့ အထွက်နှုန်း မသေချာဘူး ပေါ့” ဟု ပြောသည်။

ပျိုးကြဲပြီး စိုက်ပျိုးရာတွင် အထွက်နှုန်း နည်းပါးသော်လည်း စိုက်ပျိုးစရိတ် သက်သာသည်ဟု သိရသည်။

ကောက်စိုက်သည့် စနစ်နှင့် တိုက်ရိုက် ပျိုးကြဲပြီး စိုက်ပျိုးသည့်စနစ်တွင် ပျိုးကြဲသောစနစ်က ကုန်ကျမှုစရိတ် သက်သာကြောင်း၊ ကောက်စိုက်သည့်စနစ်ဖြင့် စိုက်ပျိုးရာ၌ လယ်တစ်ဧကလျှင် ငွေကျပ် ၂ သိန်းခွဲခန့် ကုန်ကျပြီး ပျိုးကြဲသည့်စနစ်က မျိုးစပါးအတွက် ငွေကျပ် ၃ သောင်းမှ ၄ သောင်းကျပ်ခန့်သာ ကုန်ကျသည်ဟု မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ တောင်သူ ဦးမောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

ဆန်ဆိုင်တစ်ဆန်ကိုတွေ့ရစဉ်

၎င်းက “ကြဲခင်းက ကျနော်တို့ မျိုးစပါးဖိုးပဲ ကုန်မှာလေ။ ကြဲခင်းက ပေါ်ဆန်းဆိုရင် ကျနော်တို့ တစ်ဧကကို တစ်တင်းလောက်ပဲ ကြဲရတာလေ။ မျိုးစပါး တစ်တင်းရဲ့ တန်ဖိုးက ကျနော်တို့ ဒေသမှာဆို ပေါက်ဈေးက တစ်တင်းက ၃ သောင်းခွဲ၊ ၄ သောင်းလောက် ရှိတာပေါ့နော်။ ဒါပေမယ့် လယ်သမားတွေက ကိုယ့်မျိုးနဲ့ကိုယ် ထားကြတာ များပါတယ်။ စပါးတစ်တင်း ကြဲလိုက်ရင် ကြဲတဲ့စနစ်က ပြီးသွားပြီပေါ့။ ၃ သောင်းခွဲ၊ ၄ သောင်း လောက် မျိုးစပါးဖိုးပဲ ကုန်တာပေါ့။ စိုက်ခင်းကြတော့ ပျိုးထောင်ရတယ်၊ သူကတော့ မျိုးစပါး အကုန်နည်းတယ်။ ဒါပေမယ့် ကောက်စိုက်၊ ပျိုးနှုတ်ခတွေ မြင့်တဲ့အခါကျတော့ လယ်တစ်ဧကဆိုရင် အနည်းဆုံး မကုန်ဘူးဆိုရင် ၁၀ ယောက်ဆို ၁ သိန်းခွဲ၊ ပျိုးနှုတ်ခက ၁ သောင်းဆိုရင် ၈ သောင်း။ ၂ သိန်းခွဲလောက် ကုန်ကျမှာပေါ့ တစ်ဧကကို။ ကောက်စိုက်ခက တစ်ဧကကို ၂ သိန်းခွဲလောက် ကုန်မယ်၊ ကြဲခင်းဆိုရင်တော့ ၃ သောင်း၊ ၄ သောင်းလောက်ပဲ ကုန်တာပေါ့” ဟု ပြောသည်။

ပျိုးကြဲ၍ စိုက်ပျိုးထားသည့် စပါးသည် ရေကြီးသည့်ဒဏ်ကို မခံနိုင်ခြင်း၊ ရွှေခရုများ ကိုက်သည့်ဒဏ်ကို မခံနိုင် သည့်အတွက် ကာကွယ်ဆေးဖိုး ကုန်ကျစရိတ် ဖြစ်ပေါ်ခြင်းများနှင့် စိုက်ခင်းထက်  အထွက်နှုန်း နည်းပါးခြင်း ကြောင့် တချို့သော တောင်သူများက ပျိုးကြဲသည့်စနစ်ကို မရွေးချယ်ကြကြောင်း သိရသည်။