CNI Article

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်က နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ - အိုက်ဇက်မွေဗာ (NSCM-IM) ၏ ဗိုလ်ကြီး တစ်ဦးဖြစ်သူ အာရ် အက်စ် ဝင်ဆန် (R. S. Winson) သည်  အိန္ဒိယ-မြန်မာနယ်စပ်အနီး မဏိပူရ်(Manipur) ပြည်နယ်၊ တန်နူပယ်လ် (Tengnoupal) ခရိုင်ရှိ အန်ကို ချင် (Angko Ching) အရပ်တွင် ကူကီး
အမျိုးသား တပ်မတော်-မြန်မာနိုင်ငံ(KNA-B) အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည်။

ထိုနေ့မှာပင် NSCN-IM ၏ လက်ထောက် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အေ ရမ်ဆန် (A. Ramsan) က တန်ခူလ် (Tangkhul) ဘာသာစကားဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဝင်ဆန်သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်က အန်ကိုချင်တောအုပ်အတွင်း KNA-B ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် နာဂအရှေ့ပိုင်း (မျက်မှောက်ခတ် မြန်မာနိုင်ငံ)၌ NSCN-IM သည် ၎င်းတို့၏ လှုပ်ရှားမှုကို ပိုမိုခိုင်မာအားကောင်းစေရန် လုပ်ဆောင်နေချိန်မှာ KNA-B အဖွဲ့ကို မသိကျိုးကျွံ ပြုပေးထားသည့် အိန္ဒိယ လုံခြုံ ရေးတပ်ဖွဲ့ (SF) များ၏ ဆန့်ကျင်မှုများကို ရင်ဆိုင်နေရကြောင်း၊ KNA-B အဖွဲ့သည် နာဂလူမျိုးများကို တိုက်ခိုက် နေခြင်းဖြင့် NSCN-IM ၏ အားထုတ်ကြိုးပမ်းမှုများကို လျော့ကျစေရန် ကြိုးပမ်းနေကြောင်း ဖော်ပြခဲ့သည်။

ထိုကဲ့သို့ စိန်ခေါ်မှုများ ရှိနေသည့်တိုင် မိမိတို့သည် နာဂနိုင်ငံတော်ကို ဆက်လက် ကာကွယ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

South Asia Terrorism Portal (SATP) က ရရှိခဲ့သည့် မှတ်တမ်းအချို့တွင် ဇွန်လ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်သည် အိန္ဒိယမြေပေါ်၌ KNA-B နှင့် NSCM-IM အကြား ဖြစ်ပွားသော ပဋိပက္ခများအနက် မှတ်တမ်းတင် နိုင်ခဲ့သည့် တစ်ခုတည်းသော ဖြစ်စဉ်ဖြစ်သည်။ 

မြန်မာနိုင်ငံ၏ မြေပေါ်တွင်လည်း အလားတူ ဖြစ်စဉ် ၂ ခု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

 ကူကီး (KNA-B)ကို တွေ့ရစဉ်

၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်က NSCN-IM ၏ ကေဒါတစ်ဦးဖြစ်သူ ဆန်တီလောင် ဂျာမီယာ (Sentilong Jamir) သည် အိန္ဒိယ-မြန်မာနယ်စပ်တွင် တာဝန်ထမ်းဆောင်နေချိန်အတွင်း KNA-B ကေဒါများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ 

ဂျာမီယာသည် အိန္ဒိယ-မြန်မာနယ်စပ်အနီး မဏိပူရ်ပြည်နယ်၊ ကမ်ဂျွန် (Kamjong) ခရိုင်တွင် တာဝန်ထမ်းဆောင် နေချိန်တွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်က KNA-B အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ မြို့သစ် (Mtothit) မြို့မှာ စစ်ကြောရေး တစ်ခုအတွင်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး မေလ ၁၃ ရက်တွင် သေဆုံးသွားခဲ့သည်ဟု NSCN-IM က ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်ကလည်း NSCN-IM ကေဒါတစ်ဦးဖြစ်သူ ဟွန်ပန် ချီသန် (Honpam Chithung) သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး Ongjia မြို့တွင် KNA-B အဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး NSCN-IM အဖွဲ့၏ ထုတ်ပြန်ချက်တွင် ချီသန် အသတ်ခံရသည့် ဖြစ်စဉ်သည် နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN) နှင့် နာဂပြည်သူ့သမ္မတ အစိုးရ (GPRN) အပေါ် ကြီးမားစွာ သက်ရောက် စေခဲ့ကြောင်း ဖော်ပြခဲ့သည်။ 

ထို့ပြင် နာဂပြည်သူ့အစိုးရသည် နယ်စပ်ဒေသအနီးရှိ ကူကီးကျေးရွာများနှင့် KNA-B အဖွဲ့၏ လုပ်ဆောင်ချက်များ ကို အလွန်ဒေါသထွက်ကြောင်း ဖော်ပြခဲ့သည်။

KNA-B အဖွဲ့သည် NSCN-IM ၏ ကေဒါ ၄ ဦးကို မတူညီသည့် ဖြစ်စဉ် ၄ ခုတွင် သတ်ဖြတ်ခဲ့ကြောင်း NSCN-IM က ပြောကြားခဲ့သည်။ (ထိုဖြစ်စဉ် ၄ ခုအနက် ၃ ခုကို အထက်တွင် ဖော်ပြပေးခဲ့ပြီးဖြစ်ပြီး စတုတ္ထမြောက် ဖြစ်စဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များမှာ ထွက်ပေါ်ခဲ့ခြင်းမရှိပေ။)

စိတ်ဝင်စားစရာ ကောင်းသည့်အချက်မှာ NSCN-IM ကြောင့် KNA-B အဖွဲ့ဘက်တွင် ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်သည့် မှတ်တမ်းများသည် ယနေ့အချိန်အထိ ထွက်ပေါ်ခဲ့ခြင်းမရှိပေ။

မည်သို့ပင်ဆိုစေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်က တန်နူပယ်လ်ခရိုင် မိုရေး(Moreh) မြို့တွင် KNA-B စစ်သွေးကြွ များ၏ လက်ချက်ဟု ယူဆသည့် RPG တိုက်ခိုက်မှု တစ်ခုတွင် အန္ဒိယနယ်စပ် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး၊ အထူး ကွန်မန်ဒို ၅ ဦး အပါအဝင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ (SF) အဖွဲ့ဝင် ၈ ဦး ဒဏ်ရာရခဲ့သည်။

ကသည်းလက်နက်ကိုင်များရဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိစဉ်

ထို့နောက် မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်း (N. Biren Singh) က ထိုတိုက်ခိုက်မှုတွင် မြန်မာနိုင်ငံ ဘက်မှ ပြည်ပကြေးစား စစ်သားများ ပါဝင်သည်ဟု သံသယရှိကြောင်း၊ KNA-B အဖွဲ့ ပါဝင်နိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

KNA-B နှင့်အတူ မဏိပူရ်အခြေစိုက် ကူကီးအမျိုးသားတပ်မတော် KNA အဖွဲ့လည်း ရှိသည်။

၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်က GPRN ၏ ထုတ်ပြန်ချက်တွင် နာဂတပ်မတော်သည် မကြာသေးမီက KNA-B နှင့် အိန္ဒိယ SF တပ်ဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်ကလည်း အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် မြန်မာနိုင်ငံရှိ ကသည်းတော်လှန်ရေး အုပ်စုများကို စစ်ပွဲဆင်နွှဲရန် KNA-B ကို အဖက်ဖက်မှ ကူညီထောက်ပံ့ပေးနေကြောင်း NSCN-IM  က စွပ်စွဲခဲ့သည်။

၂၀၁၅ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi) ၏ ပြည်ထောင်စုအစိုးရနှင့် သဘောတူညီမှု ရရှိခဲ့သည့် မူဘောင်ကို လက်မှတ်ရေးထိုးခဲ့သော NCSN-IM သည် တားမြစ်ခံထားရသည့် ကသည်းအဖွဲ့များကို မဏိပူရ်ပြည်နယ်ထဲ ဝင်ခွင့်ရရန် ကူညီပေးခဲ့သည်ဟု အိန္ဒိယအစိုးရက စွပ်စွဲထားသည်။

ထို့အပြင် NSCN-IM သည် ပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ကူညီပေးခဲ့သည်ဟု အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)က စွပ်စွဲခဲ့သည်။

ထို့နောက် NSCN-IM ၏ အထက်ဖော်ပြပါ ထုတ်ပြန်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

NSCN-IM ၏ တရုတ်-မြန်မာ လက်ခွဲအဖွဲ့ (China-Myanmar module of th NSCM-IM) သည် တားမြစ်ပိတ်ပင် ခံထားရသည့် ကသည်းအဖွဲ့များဖြစ်သည့် (KYKL) နှင့် (PLA) တို့ကို အိန္ဒိယနိုင်ငံအတွင်း ဝင်ခွင့်ရစေရန်နှင့် မဏိပူရ်ပြည်နယ်တွင် လူမျိုးရေး အကြမ်းဖက်မှုဖြစ်စေရန် ကူညီပေးခဲ့ကြောင်း NIA က ၂၀၂၄ ခု
နှစ်၊ မေလ ၁၄ ရက်တွင် စွပ်စွဲခဲ့ခြင်းဖြစ်သည်။

NIA သည် ထိုစွပ်စွဲချက်နှင့် ပတ်သက်ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လက ဖမ်းဆီးခံခဲ့ရသည့် လူ ၅ ဦးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်တွင် ဂူဝါဟတီ (Guwahati) တရားရုံး၌ တရားစွဲဆိုခဲ့သည်။ 

အဆိုပါ ဖမ်းဆီးခံရသူများသည် တားမြစ်ထားသည့် လက်နက်ခဲယမ်းများနှင့်အတူ ကူကီး-ဇို အသိုင်းအဝိုင်းကို ပစ်မှတ်ထားသော အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်ရန် ပူးပေါင်းကြံစည်ခဲ့ကြသည်ဟု စွပ်စွဲခဲ့သည်။

စွပ်စွဲခံရသူ ၅ ဦးအနက် ၁ ဦးသည် အာနန် ဆင်း (Anand Singh) အမည်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကက လူမျိုးရေးပဋိပက္ခကို  အရှိန်မြင့်တက်စေရန် လူငယ်များအား လက်နက်ကိုင် သင်တန်းများပေးရန် အတွက် စည်းရုံးခဲ့သူဖြစ်သည်ဟု NIA က ထုတ်ပြန်ခဲ့သည်။

ဆင်းသည် အခြား လူငယ်အမျိုးသား ၈၀ ၊ ၉၀ နှင့်အတူ Selloi Langamai Ecological Park တွင် PLA ကေဒါများက သင်ကြားပို့ချသည့် လက်နက်ကိုင် သင်တန်းပေးမှုကို ပါဝင်လေ့ကျင့် သင်ယူခဲ့သည်ဟု NIA က ဆိုသည်။

NSCN-IM ၏ ထုတ်ပြန်ချက်တွင် ကမ်ဂျွန်ခရိုင်၌ အဓိကကျသည့် အိန္ဒိယ-မြန်မာနယ်စပ်ကို ကာကွယ်ပေးနေသော အိန္ဒိယလေထီးတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်များ၏ ကိုယ်တွယ် ဆောင်ရွက်ပုံများနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ နယ်စပ်ဒေသတွင် ကူကီးများသည် လွတ်လပ်စွာ သွားလာခွင့်ရနေပြီး ကူကီးမဟုတ်သည့် လူမျိုးများသည် ခွဲခြားဆက်ဆံခံရမှု၊ တားမြစ်ကန့်သတ်ခံရမှုများနှင့် ရင်ဆိုင်နေရသည်ဟု NSCN-IM က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် အနောက်ပိုင်း အရှေ့တောင်အာရှ (WdSEA) ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်သည့် ကသည်းတော်လှန်ရေး အင်အားစုများနှင့် နာဂတပ်မတော်ကို ဆန်ကျင်သော စစ်ဆင်ရေးများကို KNA-B နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း NSCN က စွပ်စွဲခဲ့သည်။

ကမ်ဂျွန်ဒုက္ခသည် စခန်းများရှိ အမျိုးသားများကို အာသံရိုင်ဖယ်တပ်ဖွဲ့က အဖျက်အမှောင့် လုပ်ငန်းများ၊ ကင်းထောက်မှုများပြုလုပ်ရန် အတင်းအကျပ် စေခိုင်းခဲ့သည်ဟုလည်း NSCN-IM က ထုတ်ပြန်ခဲ့သည်။

 NSCN-IM ခေါင်းဆောင် မွေဗာနဲ့ မိုဒီကိုတွေ့ရစဉ်

ထို့ပြင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့သည် မဏိပူရ်နှင့် မီဇိုရမ်ပြည်နယ် နယ်စပ်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ချင်းပြည်နယ် အတွင်းရှိ KNA-B နှင့် PDF များကို လက်နက်များ ထောက်ပံ့ပေးနေသည်ဟုလည်း NSCN က စွပ်စွဲခဲ့သည်။

KNA-B အဖွဲ့သည် ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်နည်း၊ ဒရုန်းများဖြင့် ဗုံးများကို သယ်ယူပို့ဆောင်နည်းများကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ထံမှ သင်ယူခဲ့သည်။

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များကလည်း မြန်မာနိုင်ငံ၏  Phaiyang ကျေးရွာတွင်ရှိသည့် KNA-B အဖွဲ့၏ ဗုံးထုတ်လုပ် ရေးစက်ရုံကို ၂၄ နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုပေးနေသည်ဟု စွပ်စွဲခံထားရသည်။ 

Phaiyang ကျေးရွာသည် မဏိပူရ်ပြည်နယ်၏ နမ်လီး (Namlee) ကျေးရွာနှင့် မျက်နှာချင်းဆိုင်မှာ တည်ရှိသည့် ရွာဖြစ်သည်။

KNA-B အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်၊ မဏိပူရ်၊ မြန်မာနိုင်ငံတို့ရှိ ကူကီး ညွန့်ပေါင်းအဖွဲ့အဖြစ် ပြောင်းလဲလာခဲ့သည်။ ထိုအဖွဲ့ကို အိန္ဒိယ၏ အမှတ် ၂၁ လေထီးတပ်ဖွဲ့နှင့် အမှတ် ၈ အာသံရိုင်ဖယ်တပ်တို့က ဦးဆောင်နေကြောင်း NSCN-IM က စွပ်စွဲခဲ့သည်။

၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ WeSEA နှင့် NSCN-IM တော်လှန်ရေး အင်အားစုများကို ချေမှုန်းရန်ဖြစ်သည်ဟု ဆိုသည်။

KNA-B နှင့် KNA တို့ကမူ ၎င်းတို့သည် အာသံရိုင်ဖယ်တပ်ဖွဲ့၊ လေထီးတပ်ဖွဲ့များနှင့် ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားသည်။

၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်က KNA-B သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ ဖရန်စစ် ကူကီး (Francis Kuki) ၏ အစီရင်ခံစာတွင် အိန္ဒိယတပ်ဖွဲ့များသည် မြန်မာနိုင်ငံအတွင်းရှိ ကသည်းအုပ်စုများကို စစ်ဆင်နွှဲရန် ကူကီးစစ်သွေး ကြွများကို ကူညီပေးနေကြောင်း ဖော်ပြခဲ့သည်။

အန္ဒိယတပ်ဖွဲ့များသည် နာဂလူမျိုးများကို တိုက်ခိုက်ရန် ကူကီးများကို ရှေ့ပြေးတပ်များအဖြစ် အသုံးချနေသည်ဟု NSCN-IM က စွပ်စွဲခဲ့ပြီး ကူကီးအမျိုးသားအစည်းအရုံး(KNO)နှင့် KNA-B တို့ကမူ ထိုစွပ်စွဲချက်များသည် အခြေ အမြစ်မရှိကြောင်း ပြောကြားခဲ့သလို ထိုစွပ်စွဲချက်များသည် KNA-B ၏ ပုံရိပ်ကို ဖျက်ဆီးရန် ကြိုးပမ်းမှုဖြစ်သည် ဟု တုန့်ပြန်ခဲ့သည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ စခန်းဟောင်းတစ်ခုတွင် တွေ့ရှိခဲ့သည့် ကင်မရာထဲ၌ စစ်ယူနီဖောင်းများ ဝတ်ထားသည့် PLA တပ်ဖွဲ့ဝင်များသည် မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် ဆင်းကို လက်နက်များ ထောက်ပံ့ပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားနေသည့် ဗွီဒီယိုဖိုင်ကို တွေ့ရှိခဲ့ရသည်။

နာဂအလံကိုတွေ့ရစဉ်

ထိုဗွီဒီယိုမှတ်တမ်းအရ ကသည်းစစ်သွေးကြွများသည် နယ်စပ်မြို့များတွင် ခိုလှုံနေပြီး ဒီမိုကရေစီလိုလားသည့် လှုပ်ရှားမှုကို တိုက်ဖျက်နေသည့် အမှန်တရားကို ဖော်ပြရာရောက်ခဲ့သည်။

၂၀၁၅ ခုနှစ်က အိန္ဒိယအစိုးရနှင့် NSCN-IM အကြား မူဘောင် သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့သည့်တိုင် နာဂပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းနှင့် နာဂငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် လွှတ်တော်တွင် လှည့်စားဖော်ပြ ခံခဲ့ရပြီး နာဂလူမျိုးများကို သွေးခွဲသည့် ကြိုးပမ်းမှုများရှိခဲ့သည်ဟု NSCN-IM ၏ အကြီးအကဲဖြစ်သည့် မွေဗာ (Muivah) က ပြောကြားခဲ့သည်။

မွေဗာက အလံမတူ၊ ဖွဲ့စည်းပုံမတူ၊ အချုပ်အခြာအာဏာ ခွဲဝေသုံးစွဲသည့် ၎င်း၏ ရပ်တည်ချက်ကို ထပ်မံပြောကြား ခဲ့သည်။

ထွက်ပေါ်လာသည့် ထောက်လှမ်းရေး သတင်းရင်းမြစ်များအရ မြန်မာနိုင်ငံသည် ULFA-I အပါအဝင် အိန္ဒိယ သောင်းကျန်းသူ အုပ်စုများကို ခိုလှုံခွင့်ပေးထားပြီး အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျောက်ရှိ မိုရေးနှင့် တမူးအထိ သူပုန်စခန်းများ တည်ရှိနေသည်ဟု ဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် KNA-B နှင့် NSCN-IM အကြား ဖြစ်စဉ်များသည် နှစ်ဖက်သွားဓားကဲ့သို့ ပြဿနာရှိနေ သည်။ ပြဿနာတစ်ခုမှာ မဏိပူရ်ပဋိပက္ခသည် အိမ်နီးချင်း မြန်မာနိုင်ငံအတွင်းသို့ ပျံ့နှံ့ခြင်းဖြစ်ကာ နောက် ပြဿနာမှာ မြန်မာနိုင်ငံ တည်ငြိမ်မှု ယိုယွင်းနေသည့်အချက်က အိန္ဒိယစစ်သွေးကြွအုပ်စုများကို မြန်မာနယ်စပ် တွင် လှုပ်ရှားခွင့်ရရှိနေစေခြင်းဖြစ်သည်။

NCSN-IM နှင့် KNA-B တို့အကြား အပြန်အလှန် စွပ်စွဲမှုများသည် အိန္ဒိယအစိုးရနှင့် NSCN-IM အကြား တည်ဆဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ယုံကြည်မှု ကင်းမဲ့နေခြင်းကို မီးမောင်းထိုးပြသရာ ရောက်နေသည်။

ထိုအခြေအနေသည် အလွန်စိုးရိမ်စရာ ကောင်းသည်။ အထူးသဖြင့် အစိုးရက တစ်ဖက်တွင် ငြိမ်းချမ်းရေး သဘော တူညီမှုများရရှိရန် လုပ်ဆောင်နေချိန်တွင် အခြားတစ်ဖက်တွင် NSCN-IM ခေါင်းဆောင်ပိုင်းကို အင်အား နည်းစေ ရန် KNA-B ကို အသုံးချနေသည့်အချက်က မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ဆိုသည့် စကားပုံကဲ့သို့ ဖြစ်နေသည်။

ထိုလုပ်ဆောင်မှုများသည် ဒေသတွင် နိုင်ငံရေး စီမံခန့်ခွဲမှုများ ညံ့ဖျင်းနေသည့် အချက်ကို ပြသရာရောက်နေပြီး ၂၀၁၅ မူဘောင်သဘောတူညီချက်၏ အနှစ်သာရနှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို လျော့ပါးစေမည်သာ ဖြစ်သည်။