CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃

ပြည်တွင်း စီးပွားရေးတိုးတက်ရန်အတွက် လူတစ်စု၏ စီးပွားရေးတိုးတက်ရေးထက် လူအများ စီးပွားရေး တိုးတက်ရန်လည်း လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၂၃ ရက်)တွင် ရန်ကုန်မြို့မှာ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ညီနောင်အသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

MSME လုပ်ငန်းများ၏ ရည်ရွယ်ချက်သည် ပြည်တွင်းစီးပွားရေး အားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ ကုန်ပစ္စည်းများကို တိုးမြှင့်တင်ပို့နိုင်ရန်ဖြစ်ကြောင်း၊ ပြည်တွင်းစီးပွားရေးကို အားပေးရန်အတွက် ကုန်ထုတ် လုပ်မှုများကို ဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

၎င်းက “ ဒီမိုကရေစီပထမ အစိုးရနှင့် ဒုတိယအစိုးရ သက်တမ်းတို့တွင် ပြည်တွင်းကုန်ထုတ်လုပ်မှုထက် ပြည်ပမှ သွင်းကုန်တင်သွင်းမှုကို ဦးစားပေးခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေများရှိခဲ့ကြောင်း၊ ပြည်တွင်းမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို ဦးစားပေး၍ ဆောင်ရွက်ခြင်းသည် ပိုမိုအကျိုးဖြစ်ထွန်းစေကြောင်း၊ ပြည်တွင်း စီးပွားရေး တိုး တက်ရန်အတွက် လူတစ်စု၏ စီးပွားရေးတိုးတက်ရေးထက် လူအများ စီးပွားရေး တိုးတက်ရန်လည်းလိုကြောင်း၊ ထို့ကြောင့် အများစု အကျိုးရှိနိုင်သည့် စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်သည်”ဟု ပြော သည်။

ထို့နောက် ခေတ်အဆက်ဆက်တွင် နိုင်ငံ့ စီးပွားရေးတိုးတက်ရေးအတွက် စနစ်အမျိုးမျိုးဖြင့် ဆောင်ရွက်ခဲ့ကြ ကြောင်း၊ တပ်မတော်အစိုးရလက်ထက်တွင် ဈေးကွက်စီးပွားရေးစနစ်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှ စ၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းချိန်၌ ဈေးကွက်စီးပွားရေးစနစ် ပိုမို ပီပြင်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှု လုပ်ငန်းရှင်များအသင်း အနေဖြင့်လည်း နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရနှင့်အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဆင်းရဲချမ်းသာ ကွာဟမှု မြင့်မားနေပြီး အခြေခံ လူတန်းစားများအတွက် ဝင်ငွေတိုးပွား လာရေး အစိုးရအဆက်ဆက် ဆောင်ရွက်မပေးနိုင်ဘဲ ဖြစ်နေသည်။

အလားတူ ငွေကြေးဖောင်းပွကာ ကုန်ဈေးနှုန်းများ ကြီးမြင့်နေခြင်းကြောင့် သက်ဆိုင်ရာမှ ကုန်ဈေးနှုန်းကို ထိန်းချုပ်ပေးရန် ပြည်သူလူထုက မျှော်လင့်နေကြသည်။

ထို့နောက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုများလာရန်နှင့် တစ်ကိုယ်ရေ လုံခြုံရေးအတွက် ဆောင်ရွက် ပေးရန်လည်း ၎င်းတို့က မျှော်လင့်နေကြသည်။