CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး အနေဖြင့် နိုင်ငံကူးလက်မှတ် စာအုပ်အသစ် မရသေးသည့် မြန်မာရွှေ့ပြောင်း အလုပ် သမားများအတွက် ထိုင်းအစိုးရနှင့် ညှိနှိုင်းကာ တစ်စုံတစ်ခု လုပ်ပေးသင့်ကြောင်း ထိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းတွင် ၂၀၂၂ ခုနှစ် သက်တမ်းကုန်နေသည့် PJ (Passport for Job) နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသဖြင့် စာအုပ်အသစ် ပြုလုပ်သည့် မြန်မာအလုပ်သမားဦးရေမှာ အင်မတန် များပြားသောကြောင့် ၎င်းတို့၏ ဗီဇာများ သက်တမ်းမကုန်ခင် သံရုံးမှ စာအုပ်အသစ် အချိန်မီ မထုတ်ပေးနိုင်မည်ကို စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူ ကိုသားကြီးက “ဒီစာအုပ်ထုတ်တဲ့ နေရာမှာ ဗီဇာ အဟောင်း သက်တမ်းကုန်ဖို့နဲ့ စာအုပ်အသစ်ရဖို့က ကြားကာလမှာ တစ်လခွဲ လောက်အထိ ဝေးသွားတာတွေ ရှိတယ်။ နှစ်လဝေးတာတွေ ရှိတယ်။ ဆိုတော့ အဲဒီမှာလည်း ၁၀ ရက်၊ ၁၅ ရက် သမားတွေလည်း ရှိကောင်း ရှိလိမ့် မှာပေါ့။ ဒီနေရာမှာ သက်ဆိုင်ရာ သံရုံးကနေပြီးတော့မှ ထိုင်း အလုပ်သမားဝန်ကြီးဌာန ဒါမှမဟုတ် ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဒီ ဗီဇာ section နဲ့ ပတ်သက်တဲ့ အဓိက အာဏာရှိတဲ့ ဝန်ထမ်းတွေနဲ့ ဆွေးနွေးပြီးတော့မှ အခွင့်ပေါ့ နော် ယူပေးသင့်တယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ အခွင့်ယူရင်လည်း သူ့နိုင်ငံရဲ့ ဥပဒေကိုလည်း သံရုံးက သိမှာပါ။ လက်ရှိလည်း အဲဒီလို ခွင့်တောင်းပေးရင် သက်ဆိုင်ရာသံရုံးက ခွင့်တောင်းပေးရင် အချိန်အားဖြင့် ရက် ပေါင်း ၉၀ ကနေ ၁၂၀ အဲဒီလိုတွေ ယူတယ်။ အဲဒီအချိန်မှာ ကိုယ်က ခိုင်လုံတဲ့ အထောက်အထားတော့ ပြရမှာပေါ့။ ဒီကာယကံရှင်ဟာ ဗီဇာ ဘယ်နေ့ကုန်မလဲ။ အဲဒီလိုမျိုးလေးတွေပေါ့။ သံရုံးကနေ ပြီးတော့မှ စာနဲ့ သံရေး တမန် ရေးအရ အကူအညီ တောင်းပေးမယ် ဆိုရင်တော့ ဗီဇာသက်တမ်းကျော်လွန်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ပိုပြီးတော့မှ အဆင်ပြေမှာပေါ့” ဟု ပြောသည်။

ပတ်စ်ပို့ သက်တမ်းတိုးမည့်လူများနှင့် ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီး စစ်ဆေးခံနေရစဉ်

ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ် စာအုပ်အသစ် ပြုလုပ်ခြင်းအား နိုဝင်ဘာ ၇ ရက်နေ့မှ စတင်ကာ မြန်မာသံရုံးက ပြုလုပ်ပေးနေခြင်းဖြစ်သော်လည်း လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်နေ့မှ စတင်ကာ ရက်ချိန်းတိုကင်များကို ပြန်လည်ပေးအပ်မည်ဖြစ်သည်။

ထို့နောက် ယခင်က ရက်ချိန်း ရယူထားပြီးသူများကိုမူ ဆက်လက် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်နေ့မှ စတင်ကာ ရက်ချိန်းတိုကင် ယူရာတွင် နိုင်ငံကူးလက်မှတ်စာအုပ် အဟောင်း၌ တံဆိပ်တုံးနှိပ်၍ အမှတ်အသား ပြုလုပ်ပေးမည် ဖြစ်သည့်အတွက် လူကိုယ်တိုင် လာရောက် သူများ ကိုသာ ထုတ်ပေးမည် ဖြစ်ကြောင်း၊ ကိုယ်စားလှယ်များဖြင့် စေလွှတ်ပါက လုံးဝ ထုတ်ပေးခြင်း မပြုပါကြောင်း ပါရှိသည်။

ထိုသို့ သတ်မှတ် ဆောင်ရွက်မှု အပေါ် ထိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများက ကြိုဆိုကြသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုတွေ့ရစဉ်

MWRN မှ အကြံပေး ဦးအောင်ကျော်က “စာအုပ်တစ်ခု လျှောက်ဖို့အတွက်ကို သူက လနဲ့ချီပြီး စောင့်ရတယ် ဆိုတဲ့ အနေအထားမျိုးတွေ။ အဲဒီတော့ စာအုပ်တစ်အုပ်က သူ့ကို မူလ ထိုင်းအစိုးရက ပေးထားတဲ့ ဗီဇာ သက်တမ်း မကုန်ခင်မှာ သူ့လက်ဝယ်မှာ နောက်ထပ် အသစ်က ရောက်ရမှာဖြစ်တယ်။ အဲဒါမှ စာအုပ် အသစ်နဲ့ အဟောင်းကို ထိုင်းနိုင်ငံ immigration လ.ဝ.ကကို ပြပြီးမှာ နဂိုအဟောင်းထဲက ဗီဇာ အသက်ကို အသစ်ထဲကို ချိန်းပေးရတာ။ အဲဒီလို သူတို့ ကြန့်ကြာ နေမယ်ဆိုရင် ချိန်းလည်း မမီတော့တဲ့ အခါမှာ မလိုလားအပ်တဲ့ ဒဏ်ငွေ ပေးဆောင်ရခြင်း တို့ ပေါ်ပေါက်လာတာတွေ အလုပ်သမားတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရတယ်။ ထိုင်းနိုင်ငံထဲမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ မြောက်များစွာရှိနေတဲ့ အတွက်ကြောင့် ဒီအလုပ်သမားတွေကို တရားဝင် စာရွက်စာတမ်းတွေ ထုတ်ပေးတဲ့အခါမှာ အလျင်မြန်ဆုံး၊ အချောမွေ့ဆုံးနဲ့ ကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင် လုပ်ပေးနိုင်တယ် ဆိုရင်တော့ ကျနော်တို့ လက်ကမ်းကြိုဆိုပါတယ်။ အဓိက ကျနော်တို့ ကြားနေရတာက အလုပ် သမား တော်တော်များများ ပတ်စ်ပို့တွေ သွားရောက် လျှောက်ထားတဲ့အခါမှာ အချိန် ကြာမြင့်တာတွေ၊ လွယ်လင့် တကူ ကိုယ်တိုင် လျှောက်လို့ မရတာတွေ၊ လျှောက်တဲ့ အခါမှာလည်း နိုင်ငံတော်က သတ်မှတ်ထားတဲ့ နှုန်းထား ထက် မြောက်များစွာ ပိုပေးနေရတယ်ဆိုတဲ့ အသံတွေကလည်း အလုပ်သမားတွေ ကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရတော့ အခုလိုမျိုး လူကိုယ်တိုင် ထုတ်ခွင့်ပြုမယ်၊ ကြားလူတွေ ပွဲစားတွေ မပါရဘူးဆိုတော့ ဒါကောင်းတဲ့ လက္ခဏာလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခင်က ရက်ချိန်းတိုကင်ယူခြင်းနှင့် စာအုပ် ပြုလုပ်ခြင်းတို့၌ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ပွဲစားများ၊ အေးဂျင့်များအား အခကြေးငွေပေး၍ ပြုလုပ်နေရခြင်း ဖြစ်သည့်အတွက် အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၄၀၀၀ မှ ၆၅၀၀ ခန့်အထိ အနည်းဆုံး ပေးရကြောင်း သိရသည်။