CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁

မြန်မာနိုင်ငံတွင် ဒေသအများအပြား၌ မတည်ငြိမ်မှုများ ပြန်လည်ဖြစ်ပေါ်လာသဖြင့် ယခုနှစ် ခရီးသွားလုပ်ငန်းမှာ တစ်ဟုန်ထိုး ကျဆင်းသွားနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်နှင့် ဟိုတယ်လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစရှိသည့် ဒေသများ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား နေသောကြောင့် ခရီးသွားလုပ်ငန်းရှင်နှင့် ဟိုတယ်လုပ်ငန်းရှင်များက ယခုကဲ့သို့ သုံးသပ်ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က“ခရီးသွားလုပ်ငန်းကတော့ ဒေသတွင်း တည်ငြိမ်မှုအပေါ်မှာပဲ လုံးလုံး မှီခိုနေတော့လေ တည်ငြိမ်မှု မရှိဘူး ဆိုရင်တော့ ခရီးသွားက ပြန်ကျသွားနိုင် ပါတယ်။ ပုံမှန်အတိုင်းဆို ၂၀၂၂ ခုနှစ်ကထက်ကို ၂၀၂၃၊ ၁၁ လပိုင်းမှာ ခရီးသည်တွေ ပိုမိုသွားရောက်ဖို့ရှိတယ်။ အလားအလာတွေကလည်းကောင်းနေတယ်။ ဘိုကင်တွေ ရထားတာတွေကလည်း ကောင်းနေတယ်။ ဒါပေမယ့် လက်ရှိ လတ်တလောဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုအပေါ်မှာ ခရီးသွားတွေက သွားရမှာ ကြောက်ရွံ့လာတယ်။ အဲဒါမျိုး စိုးရိမ်မှုတွေ မြင့်တက်လာတဲ့အတွက် cancel လုပ်တာတွေရှိနိုင်တယ်။ ဒါကြောင့်မို့လို့ ပြန်ကျသွားနိုင် ပါတယ်။ တစ်ဟုန်ထိုးလည်း ထိုးဆင်းပြီး ကျသွားနိုင်ပါတယ် ဒါကလေ။ ဒီပွင့်လင်းရာသီမှာပဲ ဒီလို ဒေသတွင်း မတည်ငြိမ်မှုတွေဖြစ်ပေါ်နေတဲ့အတွက် ပြည်တွင်းခရီးသွားကိုလည်း ထိခိုက်လာတယ်။ ပြည်ပခရီးသွားတွေ အပေါ်မှာလည်း ထိခိုက်လာနိုင်ပါတယ်” ဟု ပြောသည်။

ချောင်းသာကမ်းခြေမြင်ကွင်း

ခရီးသွားအသင်းဖွဲ့များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ခရီးသွားလုပ်ငန်းများ ပြန်လည်လည်ပတ်လာရန်နှင့် ခရီးသွားများ ပြန်လည်ရရှိစေရန် အပေါင်းလက္ခဏာဆောင်သည့်ကိစ္စများ ကြိုးစားနေကြသော်လည်း အခြား တစ်ဖက်၌ ယခုကဲ့သို့ မတည်ငြိမ်မှုများ‌ကြောင့် နိုင်ငံပုံရိပ်မှာ အနုတ်လက္ခဏာဖြစ်နေသည့် အပိုင်းများလည်း ရှိနေကြောင်း ထောက်ပြကြသည်။

ကိုဗစ်နှင့် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ လုံးဝကျဆင်းသွား သဖြင့် ပြန်လည်စတင်လည်ပတ်နိုင်စေရန် ဘက်ပေါင်းစုံမှ ကြိုးစားခဲ့ကြသဖြင့်  ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ခရီးသွားလုပ်ငန်းမှာ အရှိန်တစ်ခုဖြင့် တိုးတက်လာခဲ့ခြင်းဖြစ်သည်။
သို့သော် လက်ရှိ ဒေသတွင်းမတည်ငြိမ်မှုများ ပြန်လည်ဖြစ်ပွားလာနေသဖြင့်  ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ခရီးသွား လုပ်ငန်း ပြန်လည်တိုးတက်အောင် ယခင်ထက် နှစ်ဆခန့် တိုးမြှင့်ကြိုးစားဆောင်ရွက်ရမည့် အနေအထား ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်း ဌာနသို့ ပြောသည်။

ပုဂံတွင် နေဝင်ချိန်ကို လာရောက်ကြည့်ရှုနေကြသည့် ခရီးသွားများ

“မနှစ်ကထက်စာရင် ဒီနှစ်တော့ တော်တော်လေး ခက်ခက်ခဲခဲဖြစ်မယ်လို့ ထင်ပါတယ်။ အဓိကကတော့ ငြိမ်းချမ်း မှုက အဓိကကပါပဲ။ ခရီးသွားလာတဲ့အခါမှာ ငြိမ်းချမ်းမှုရှိမှ လူတွေက ခရီးစဉ်တွေကို လည်ပတ်မှု သွားကြတာ ပေါ့လေ။ အဓိကကတော့ ပထမဆုံးအနေနဲ့တော့ ငြိမ်းချမ်းဖို့ အရေးကြီးပါတယ်။ သင်္ကြန်ကာလအထိဆိုတဲ့ နေရာမှာ မြန်မြန်ငြိမ်းချမ်းရင် မြန်မြန် ခရီးသွားကြမှာပဲ။ အဲဒီသင်္ကြန်ကာလအထိ ငြိမ်းချမ်းမှု မရှိသေးဘူး၊ ဒီလိုပဲ တိုက်ပွဲတွေဆက်ဖြစ်နေဦးမယ်၊ လမ်းတွေပိတ်နေဦးမယ်၊ ပြည်သူလူထုက လုံခြုံမှုမရှိဘူး ခံစားနေရတယ်ဆိုရင် တော့ သင်္ကြန်ကာလအတွင်းလည်း အခုလိုပဲ ခရီးသွားလာမှု နည်းနေဦးမယ်လို့ သုံးသပ်မိပါတယ်။ အရင်က လုပ်ထားတဲ့ နှစ်ဆလောက် ပိုပြီး အဆပေါင်းများစွာ ပိုကြိုးစားရမှာပါ။ နည်းစနစ်တွေ အများကြီးပြင်ရမယ်။ ဧည့်သည်တွေ ခရီးသွားလုံခြုံမှုရှိအောင် အရင်ဆုံးဖော်ဆောင်ရမယ်ပေါ့။ ပြီးတော့ စီးပွားရေး ပြေလည်ရမယ်ပေါ့။ ခရီးစဉ်တွေ အများပြည်သူစိတ်ဝင်စားတဲ့ ခရီးစဉ်လေးတွေ ဖော်ဆောင်နိုင်ရမယ်ပေါ့။ လုပ်ရမှာတော့ တော် တော်လေး လုပ်ယူရမှာပါ” ဟု ၎င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နယ်မြေမတည်ငြိမ်မှုများဖြစ်ပွားနေသဖြင့် တန်ဆောင်တိုင်ပိတ်ရက် ခရီးသွားလာရန် ဟိုတယ်ဘိုကင်လုပ်ထားမှုများကို ပယ်ဖျက်လာကြကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပြီးခဲ့သည့် သီတင်းကျွတ်ပိတ်ရက်တွင် အောက်တိုဘာ ၂၈ မှ ၃၀ ရက်နေ့အတွင်း ခရီးသွားဝင်ရောက်မှုသည် ပုဂံ၌ ၁ သိန်းကျော်၊ ငွေဆောင်၌ ၇ ထောင်ကျော် ရှိသည့်အနက် ပြည်ပခရီးသွား ၅၀၀ ကျော်နှင့် ငပလီ၌ ၄ ထောင် ကျော်ရှိပြီး ပြည်ပခရီးသွား ၇၀ ဦးခန့်ရှိခဲ့သည်။