CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁

ပြီးခဲ့သည့်ရက်ပိုင်းတွင် တစ်ကျပ်သားလျှင် ၃၈ သိန်းကျော် ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းသည် လက်ရှိတွင် ၂ သိန်းကျပ်ခန့် ကျဆင်းလာနေပြီး ထပ်မံကျဆင်းမည်ဟု ရွှေလုပ်ငန်းရှင်များနှင့် ရွှေဈေးကွက် လေ့လာသုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်နေခြင်းကြောင့် နယ်စပ်ကုန်သည်များသည် ရွှေဝယ်ယူမှု များလာ ခြင်း၊ ဘဏ်တွင် ငွေထုတ်မရသည့် ပြဿနာများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် စက်သုံးဆီ ဝယ်ယူ၍ မရသည့် အကျပ်အတည်း များကြောင့် လုပ်ငန်းရှင်တချို့မှာ ရွှေများ ဝယ်ယူစုဆောင်းလာကြသည်။

ထို့နောက် ရွှေဈေးနှုန်းသည် ငွေကျပ် ၃၆ သိန်းရှိရာမှ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ၃၈ သိန်းသို့ ရောက်ရှိလာခဲ့သည်။

လက်ရှိတွင် ပြည်တွင်းရွှေဈေးနှုန်းသည် ပြန်လည်ကျဆင်းနေပြီး ထပ်မံ ကျဆင်းသွားမည်ဟု ရန်ကုန်တိုင်းဒေသ ကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ရွှေမျှောတစ်ခုကိုတွေ့ရစဉ်

၎င်းက “ကောလာဟလတွေ ပြေသွားရင် ပြန်ကျအုံးမှာပဲ။ ဖြေးဖြေးတော့ ကျနေမှာပဲ။ ဟိုတလောက လမ်းတွေ ပိတ်တာတို့၊ ဘဏ်တွေကနေပြီးတော့ ငွေပြန်ထုတ်ပေးတယ်တို့ ကောလာဟလတွေ လုပ်နေတယ်ပေါ့။ နောက် တစ်ခါ ဓာတ်ဆီဈေးနှုန်းကလည်း ရုတ်တရက် တက်သွားတယ်ပေါ့။ အဲဒါတွေကို ဖြစ်ပြီးတော့ အခု ဓာတ်ဆီ ဈေးနှုန်းတွေလည်း ကျသွားပြီ။ ဆီလည်း သင်္ဘော ၁၅ စီး တင်ပြီးသွားပြီဆိုတော့ အေးအေးဆေးဆေး ပြန်ဖြစ်သွား ပါပြီ။ စက်သုံးဆီက သူတို့က ဒီမှာ သင်္ဘော ၁၅ စီး ရောက်လာတဲ့ အခါကျတော့ အဲဒီသင်္ဘော စရံပေးထားတယ် ပေါ့ကွာ။ ဒီရောက်လာရင် ငွေအကြေချေမှ ဆီချပေးတာပေါ့။ ဒီရောက်တဲ့အခါကျတော့ သင်္ဘော ၁၅ စီး တစ်ပြိုင် နက်တည်း ဝင်လာတဲ့အခါကျတော့ ငွေပြန်စုပေးနေရတာပေါ့။ အခုလည်း အကုန်လုံး ငွေကြေသွားတော့ ဆီလည်း ပြန်ပြည့်သွားပြီ။ ဘဏ်တွေလည်း သူ့ဟာနဲ့သူ ပုံမှန် ပြန်ဖြစ်သွားပြီ။ ကျမှာပါ ရွှေကတော့ ထပ်ကျသွားမှာပါ။ ဒီလ ကုန်လောက်ဆိုရင် ပိုပြီးတော့ သိသာပါလိမ့်မယ်” ဟု ပြောသည်။

ပြည်တွင်းရွှေဈေးနှုန်းသည် ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်နေ့တွင် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၃၆ သိန်းကျပ် ဖြစ်ပေါ်နေပြီး ၃၅ သိန်းကျပ် ဝန်းကျင်သို့ ထပ်မံကျဆင်းလာနိုင်ကြောင်း၊ လက်ရှိတွင် ဈေးကွက် အတွင်း၌ အထည်ပျက်များကို လာရောက် ရောင်းချသူများနေပြီး ရွှေဈေးနှုန်း ထပ်မံကျဆင်းမည်ကို ခန့်မှန်း နေကြခြင်းကြောင့် လာရောက်ဝယ်ယူသူ နည်းပါးနေကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မော်လမြိုင် စသည့် မြို့များမှ ရွှေအထည်ပျက် ဝင်ရောက်မှုသည် ပိဿာချိန် ၅၀ ခန့် ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ရွှေဈေးနှုန်း ၃၅ သိန်းကျပ်ခန့် ပြန်လည်ရောက်ရှိချိန်တွင် ဝယ်ယူမှု များပြားလာနိုင်သည်။

ထိုအချိန်တွင် ရွှေဈေးနှုန်းသည် ထပ်မံ မြင့်တက်လာမည် ဖြစ်သည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။

ရွှေဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်

၎င်းက “လောလောဆယ်က ကျနော်တို့ ဘဏ်ကိစ္စပေါ့နော်။ ဘဏ်မှာက ငွေထုတ်ရတာ မလွယ်ဘူးလေ။ လောလောဆယ် ဆိုင်တွေက Banking နဲ့ အရောင်းအဝယ် လုပ်တာကိုလည်း နည်းနည်း ရပ်ထားတယ်။ နောက်ပြီးတော့ ဒီရက်ထဲမှာ ဆိုင်တွေ ငွေပြတ်တာလည်း ပါတာပေါ့။ ငွေသားနည်းသွားတဲ့အတွက် ဈေးချ ရောင်းပြီးတော့ သူတို့လက်ထဲကို ငွေသား ပြန်ကောက်တာ။ အငြိမ်ဈေး တစ်နေရာ ရောက်ရင် သူတို့ ပြန်ဖမ်း ဝယ်မှာပါပဲ လောလောဆယ်ကတော့။ လောလောဆယ်တော့ ၃၆ သိန်းအောက်ကို ရောက်ပါပြီ။ ၃၅ အပေါ်ပေါ့ နော် ၃,၅၈၉,၀၀၀ အဲဒီဝန်းကျင်လောက် ရှိတယ်။၃၅ အောက် ကျဖို့တော့ မလွယ်တော့ပါဘူး။ အခံဈေးလည်း ဖြစ် သွားပြီဆိုတော့လေ။ လောလောဆယ်က ရောင်းချင်တဲ့သူက နည်းတယ်။ လက်ထဲမှာ ငွေသိပ်မထားချင်ဘူး။ ဘဏ်ကို ယုံကြည်မှုက လျော့လာတဲ့အတွက် ကိုယ့်ငွေကို တချို့လူတွေက အလုအယက် ထုတ်နေကြတယ်။ အဲဒီ ငွေကို ထုတ်ပြီး ရွှေဝယ်တာ တစ်ခုပဲ ရှိတယ်။ ဒါပေမယ့် လောလောဆယ်တော့ မဝယ်ရဲသေးဘူး။ ဘာလို့ဆို ဈေးကျနေတဲ့အတွက် မဝယ်ရဲသေးဘူး။ သူတို့ ကြိုက်တဲ့ဈေး ဥပမာ ၃၅ ကပ်ကပ်လောက် ဖြစ်ရင်တော့ ကျနော် ထင်ပါတယ် ပြေးဝယ်ကြလိမ့်မယ်၊ အဲဒီအခါကျရင်တော့ ရွှေက နောက်တစ်ခေါက် ထပ်တက်လာလိမ့်မယ်” ဟု ပြောသည်။

ရွှေတူးဖော်ရာ ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် စက်သုံးဆီ မရောက်ရှိသည့် အခက်အခဲကြောင့် လက်ရှိတွင် ရန်ကုန်တိုင်း ရွှေဈေးကွက်အတွင်းသို့ ရွှေကုန်ကြမ်း ဝင်ရောက်မှု နည်းပါးလျက်ရှိနေသည်။

ရွှေကုန်ကြမ်းများ ဝင်ရောက်မှု များပြားလာပါက ပြည်တွင်းရွှေဈေးကွက် အခြေအနေသည် ထပ်မံ၍ အပြောင်း အလဲ ဖြစ်သွားနိုင်သည်ဟု ရွှေဈေးကွက် လေ့လာသူများက ပြောသည်။