CNI News

၂၀၂၄ ခုနှစ်၊ မေလ ၁၃ 

ထိုင်းအစိုးရမှ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းများကိုသာ ကျန်းမာရေးကိစ္စအကြောင်းပြ၍ မျက်လုံးနှင့် မျက်နှာ ဇီဝမှတ်တမ်း အချက်အလက်များ ကောက်ယူခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ရာရောက်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုရှိရာ ခရိုင် ၅ ခု၌ ရွှေပြောင်း ဝင်ရောက်လာသူများနှင့် တိုင်းပြည်စွန့်ခွာ လာခဲ့သူများအား အများပြည်သူ ကျန်းမာရေးကိစ္စအတွက် ကိုယ်ရေးအချက်အလက်များ ကောက်ယူသည့် ကနဦး အစီအစဉ်တခုကို လုပ်ဆောင်နေကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများ၏ ပြောကြားမှုကို ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုသို့ ကျန်းမာရေးအကြောင်းပြ၍ ဇီဝအချက်အလက်ကောက်ယူရာတွင် အခြားနိုင်ငံခြားသားများ မပါဝင်ဘဲ မြန်မာနိုင်ငံသားများကိုသာ သီးသန့်ကောက်ယူခြင်းဖြစ်သောကြောင့် အချက်အလက်များမပေါက်ကြားစေရန် အာမခံချက်အပြည့်အဝဖြင့် အကာအကွယ်ပေးသင့်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများ

“တော်တော်လေး ခွဲခြားတဲ့အပိုင်းက အရမ်းသိသာတာပေါ့။ ဒီဟာက ရွှေ့ပြောင်းအလုပ်သမားက ထိုင်းမှာ တရားဝင်က ၃ သန်းကျော်ရှိတယ်။ မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားက ၂ သန်းကျော်ရှိတယ်။ လုပ်မယ် ဆိုရင် အားလုံးကို လုပ်ရမှာ။ ဘာဖြစ်လို့ မြန်မာနိုင်ငံသားကိုပဲ လုပ်သလဲပေါ့နော်။ နောက်ပြီးတော့လည်း ဒီ အချက်အလက်တွေ ဆိုတာက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ။ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနဲ့  ပတ်သက်တဲ့ ဒါတွေက ဆန့်ကျင်နေသလိုဖြစ်နေတယ်။ ဘယ်သူက တာဝန်ယူမလဲ။ ဥပမာ အဲဒါမျိုး ကောက် တယ်ဆို ဒီအချက်အလက်တွေကို ယူပြီးတော့ ဘယ်လိုကာကွယ်ပေးမလဲ။ ဒီအချက်အလက်တွေ တကယ်လို့ တစ်ခုခုဖြစ်တယ်ဆို မလိုလားအပ်တဲ့ အကျိုးဆက် အခုဆို အွန်လိုင်းပြဿနာတွေ အများကြီးရှိတယ်။ မသမာသူတွေလက်ထဲကို ဒီဟာတွေမရောက်အောင် ဘယ်လို အာမခံချက်၊ ဥပမာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိရ မယ်ပေါ့။ အဲဒါတွေကတော့ သူတို့မှာ ရှိရဲ့သားနဲ့ မပြောသေးတာလား။ ဒါမှမဟုတ် မရှိလို့ပဲလားတော့ မပြော တတ်ဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့ အစည်းများအနေဖြင့် ဆွေးနွေးပြီး သက်ဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းသွားရန် ရှိကြောင်းလည်း ၎င်းက ပြောသည်။

အချက်အလက်ကောက်ယူရာ၌ မျက်နှာနှင့် မျက်လုံးများကို ကွန်ပျူတာစနစ်ဖြင့် မှတ်သားခြင်းများ ပါဝင် သည့်အတွက် ရွှေပြောင်းအလုပ်သမားများ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုအတွက် စိုးရိမ်ရကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းများကိုသာ ကောက်ယူနေခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် နယ်စပ်ဂိတ်ပေါက်များ၊ လေဆိပ်များတွင်လည်း လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း ရွှေ့ပြောင်း အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများ

ကျန်းမာရေးကိစ္စကြောင့်ဆိုပါက အခြားနိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများကိုလည်း စိစစ်ကောက်ယူရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား သီးသန့်ကိုသာ ကောက်ယူခြင်းသည် နိုင်ငံရေးအရ ဆက်စပ်မှု ရှိနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်(MWRN)ဥက္ကဋ္ဌ ဦးထွန်းဝင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

“အခုလက်ရှိ ကျနော်တို့အလုပ်သမားတွေကို ကိုယ်ရေးရာဇဝင်တွေ သူတို့ ဖောက်ဖျက်တယ်လို့ ခံစားရတာပေါ့။ ပြီးလို့ရှိရင် အခုရွှေ့ပြောင်းအလုပ်သမားတွေက တော်တော်များများ အဓိကက လုံခြုံရေးအတွက်လည်း ထိခိုက်သလို အများကြီးဆုံးရှုံးနစ်နာနေရတယ်။ ကျနော်တွေးမိတာပေါ့လေ။ 
မြန်မာနိုင်ငံနဲ့ နိုင်ငံရေးအခြေအနေ ကြောင့်လို့ပဲ သုံးသပ်တာပေါ့နော်။ ကျနော်တို့တွက်ကြည့်တာတော့ ဟိုအရင်တုန်းကတော့ အဲဒီလိုမရှိလာတော့ နောက်ပိတ်ဆုံး နိုင်ငံခြားမှာရှိတဲ့ အလုပ်သမားတွေအတွက် တအားကြီး တင်းကြပ်လာမယ်” ဟု ၎င်းက ပြော သည်။

လက်ရှိတွင် ထိုဇီဝအချက်အလက်ကောက်ယူခြင်းအား မြန်မာနိုင်ငံသားလူဦးရေ တစ်သောင်းခန့်ကို ပြုလုပ် ထားပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ ထိုင်းဘက်မှ မြန်မာနိုင်ငံသားများအပေါ် ခွဲခြားဆက်ဆံခြင်းသည် တိုင်းပြည် မတည်ငြိမ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။

ထိုသို့ ဇီဝအချက်အလက်ကောက်ယူရာတွင် တရားဝင်လုပ်သားများအတွက်သာ အဆင်ပြေနိုင်ပြီး တရားမဝင် လုပ်သားများအတွက် အဆင်ပြေမည်မဟုတ်ကြောင်း ထောက်ပြမှုများလည်း ရှိသည်။