CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၁

ထိုင်းနယ်စပ်ဘက်အခြမ်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ဒုက္ခသည်များနှင့်ပတ်သက်၍ ထိုင်းအစိုးရ အဖွဲ့သစ်အနေဖြင့် အလုပ်လုပ်ခွင့်ပေးခြင်း (သို့မဟုတ်) တတိယနိုင်ငံသို့ စေလွှတ်ခြင်းများကို ဆောင်ရွက်ပေးသင့် ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ထိုင်းအာဏာပိုင်များမှလည်း ဒုက္ခသည်စခန်းနှင့်ပတ်သက်၍ အဖြေရှာရန် လုပ်ဆောင်နေသည်ကို မြင်တွေ့ရပြီး ဒုက္ခသည်တစ်ဦးချင်းအလိုက် အလုပ်လုပ်ခွင့်ပေးခြင်း (သို့မဟုတ်) တတိယနိုင်ငံသို့ စေလွှတ်ခြင်း အပေါ် မဲစစ်တမ်းများ ကောက်ယူကာ ‌ဆောင်ရွက်သင့်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

“သူတို့က တတိယနိုင်ငံကို သွားလို့ရရင် ပိုကောင်းတယ်။ သွားလို့မရဘူးဆိုရင်လည်း နယ်စပ်မှာ အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ရရှိဖို့အတွက်တော့ အများစုက တောင်းဆိုကြတာပေါ့။ ဒုက္ခသည်စခန်းမှာ နေတဲ့သူတွေက ဘာမှ အထောက်အထားမရှိတဲ့သူတွေ ဖြစ်တယ်။ ဒီပုဂ္ဂိုလ်တွေကို အလုပ်လုပ်မယ်ဆိုရင်ရော ဘယ်လိုပုံစံမျိုးနဲ့ လုပ်ကြမလဲပေါ့။ ဒုက္ခသည်စခန်းက သူတို့ကို သက်သက်ကဒ်ထုတ်ပေးမှာလား၊ အများစုကိုင်ဆောင်နေတဲ့ ၁၀ နှစ်ခံတို့၊ CI တို့၊ ပန်းရောင်ကဒ်တို့ကို လုပ်ကြမှာလား။ ဒုက္ခသည်စခန်းက လာတဲ့လူတွေကို တချို့သော လုပ်ငန်း ရှင်တွေကရော လက်ခံပါ့မလား။ မူဝါဒ ၂ ခု ချမှတ်လိုက်ပေါ့။ အဲဒီ ၂ ခုအပေါ်မှာ မူတည်ပြီးမှ အများစုကတော့ ဒုက္ခသည်စခန်းမှာရှိတဲ့လူတွေက ဘယ်နည်းလမ်းကို ရွေးကြမှာလဲ။ သုတေသနလုပ်တာပဲ ဖြစ်ဖြစ်၊ data collection လုပ်တာဖြစ်ဖြစ် အဲဒီလိုလုပ်နိုင်ရင်တော့ တိတိကျကျ အဖြေတစ်ခု ထွက်လာမှာပေါ့။ အချက် အလက်ကောက်သင့်တယ်ပေါ့” ဟု ၎င်းက ပြောသည်။

မယ်လ ဒုက္ခသည်စခန်းရှိ ရေပေးဝေရေးနေရာတစ်ခု

ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများအား နိုင်ငံတကာ NGO အဖွဲ့အစည်းများမှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ထိုင်း အာဏာပိုင်များမှ နေရာပေးထားခြင်းမှတစ်ပါး အခြားထောက်ပံ့ပေးခြင်းမျိုး မရှိသော်လည်း ဒုက္ခသည်စခန်းများ ရှိနေခြင်းကြောင့် ထိုင်းအစိုးရအဖွဲ့မှ ဝင်ငွေများ ရရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက နှစ် ၄၀ သက်တမ်းရှိ မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား လုပ်သားအရင်းအမြစ် စနစ်ထဲသို့ ဆွဲထည့်ရန် သို့မဟုတ် တတိယနိုင်ငံသို့ ပို့ရန် အဖြေတစ်ခု ထွက်ပေါ်လာသင့်ပြီဟု ထိုင်းနယ်စပ်ရေးရာ နိုင်ငံအဆင့် လုံခြုံရေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ရန်ဆီမန်ရုမ်က ပြောကြားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းဘက်အခြမ်းရှိ ဒုက္ခစည်စခန်းအများစုသည် ဆယ်စုနှစ် တစ်ခုခန့်အထိ ရှိနေပြီဖြစ်သောကြောင့် ဒုက္ခသည် များအရေးနှင့်ပတ်သက်၍ အဖြေရှာရန် ထုတ်ပြောလာမှုသည် လက်တွေ့တွင် မလွယ်ကူလှကြောင်း ပညာရေးနှင့် ဖွံ့ဖြိးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“တတိယနိုင်ငံ ပြောင်းရွှေ့အခြေချနေထိုင်မှု ကိစ္စကတော့ ထိုင်းအစိုးရအပေါ်မှာ အများကြီးမူတည်တာ။ သူတို့ရဲ့ ပြည်ထဲရေးဌာနရဲ့ ခွင့်ပြုချက်ပေါ့ အဲဒါကို ဖြတ်ရတာ။ နောက်တစ်ခုကကြတော့ လက်ခံမယ့်နိုင်ငံတွေရဲ့ လက်ခံနိုင်တဲ့အင်အားပေါ့။ အခုဆို ဒုက္ခသည်တစ်ယောက်ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားပြီးပြီဆိုရင်  တတိယနိုင်ငံသွားမယ်ဆို ဘယ်နိုင်ငံ၊ ဘယ်နိုင်ငံ သူ့ဘက်ကလည်း ရွေးလို့ရသလို လက်ခံမယ့်နိုင်ငံကလည်း ဥပမာ အမေရိက က  လူဦးရေ ၁၀၀၀ လက်ခံမယ်။ အဲဒီ ၁၀၀၀ ကိုပဲ လော‌လောဆယ် ခေါ်လို့ရတယ်၊ ကျန်တဲ့ ‌၁၀၀၀ ကျော်တဲ့ စာရင်းမှာပါတဲ့သူတွေက သွားဖို့က မရသေးဘူး စောင့်ရမှာပေါ့” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံရှိ မယ်လဒုက္ခသည်စခန်းကို ၂၀၁၄ ခုနှစ် ဂျူလိုင်လက တွေ့ရစဉ်

၎င်း ဒုက္ခသည်များအနေဖြင့် လက်ရှိ မြန်မာနိုင်ငံ၏ နယ်မြေမတည်ငြိမ်မှုများကြောင့် နေရပ်ပြန်ကြမည် မဟုတ် ကြောင်း၊ အချို့မိသားစုဝင်များထဲ၌ တတိယနိုင်ငံသို့ ‌ရောက်ရှိသွားကြသူများလည်းရှိပြီး ဒုက္ခသည်စခန်းများ၌ ကျန်ရစ်နေကြသူများလည်း ရှိကြောင်း သိရသည်။

ဒုက္ခသည်စခန်းများ၌ နေထိုင်ကြသူများသည် နီးစပ်ရာကျေးရွာများရှိ ထိုင်းဒေသခံများ၏ စိုက်ခင်းများ၊ လုပ်ငန်း ခွင်များထဲတွင် နားလည်မှုဖြင့် သွားရောက် အလုပ်လုပ်ကိုင်ကြခြင်းမျိုး ရှိကြောင်းလည်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူ၊ ထမ့်ဟင်၊ ဘန့်ဒုံယမ်းနှင့် အမှတ် ၁ ၊ အမှတ် ၂ ကရင်နီဒုက္ခသည်စခန်းအပါအဝင် မြန်မာဒုက္ခသည်စခန်းပေါင်း ၉ ခုရှိပြီး လူဦးရေ ကိုးသောင်း ကျော် ခိုလှုံလျက်ရှိသည်ဟု ကရင်ဒုက္ခသည်ကော်မတီ-KRC ပြုစုထားသော စာရင်းအရ သိရသည်။

အဆိုပါ စခန်းပေါင်း ၉ ခုအနက် မယ်လဒုက္ခသည်စခန်းသည် အကြီးဆုံးစခန်းတစ်ခုဖြစ်ပြီး ဒုက္ခသည် လေးသောင်း ခန့် ခိုလှုံလျက်ရှိကြောင်းလည်း သိရသည်။