CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၁

ကြံရာသီတွင် ကြံခုတ်ယူမှု အချိန်ကာလ ၂ လခန့် နောက်ကျသွားခြင်းကြောင့် ယခုနှစ်တွင် သကြားအထွက်နှုန်း လျော့ကျမည်ဟု မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ကြံစိုက်ပျိုးရာ ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နယ်မြေတည်ငြိမ်မှု မရှိ၍ ကြံခုတ်ရာ၌ အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ ထို့နောက် တချို့သော ကြံခုတ်သည့် အလုပ်သမားများမှာ နေရပ်စွန့်ခွာ နေကြရသည့်အတွက် အလုပ်သမား လိုအပ်ချက်များ လည်း ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ကြံခုတ်မှု နောက်ကျသော်လည်း သကြားစက်ရုံများအနေဖြင့် တောင်သူများလက်ထဲတွင် ကြံကုန်သည်အထိ လည်ပတ်ပေးမည်ဖြစ်ကြောင်း၊ သို့သော်လည်း ထိုကြံများကို သကြားထုတ်လုပ်ရာတွင် အရည်အသွေးပိုင်း ကျဆင်းပြီး အထွက်နှုန်းလည်း လျော့ကျမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိရာသီတွင် ထုတ်လုပ်သည့် သကြားများကို ပြည်ပသို့ တင်ပို့မှု မပြုလုပ်ဘဲ ပြည်တွင်းမှာပဲ အသုံးပြုမည်ဟု မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ကြံကို တွေ့ရစဉ်

၎င်းက “ကြံတွေ တောင်သူတွေလက်ထဲမှာ ကြံတွေကုန်တဲ့အထိကို သူတို့ လည်ပေးမှာ။ သကြားအရည်အသွေး နည်းနည်းလေးတော့ ကျသွားတာ ရှိမှာပေါ့။ သကြားစက်မှာကျတော့ ဒီဟာက ရာသီမဟုတ်တဲ့အချိန်မှာ လတ်ဆက်မှု အားနည်းလာတဲ့ အခါကျတော့ သကြားအရည်အသွေးက ဝါလာတာတို့ ဖြစ်သွားတာ။ နောက်ပြီးကျ တော့ recovery အထွက်နှုန်းတွေ နည်းနည်း ကျသွားပြီဖြစ်တယ်။ ဒီရာသီမှာ ချက်တဲ့ သကြား တော်တော်များ များတော့ ပြည်ပတင်ပို့ဖို့ အရည်အသွေးက နည်းနည်းလေး လိုတဲ့အခါကျတော့ ပြည်ပက မပို့တော့ဘူးပေါ့နော်။ ပြည်တွင်း လိုအပ်ချက်ကလည်း ပြည်တွင်းမှာလည်း ဈေးက မြင့်နေတဲ့အခါကျတော့ ပြည်တွင်းရောင်းချတာ ပိုပြီး တော့ တွက်ခြေကိုက်မယ်” ဟု ပြောသည်။

ကြံခုတ်ယူမှုသည် ပုံမှန်ထက် ၂ လခန့် နောက်ကျသည့်အတွက် ကြံ၏ အလေးချိန်လည်း လျော့ကျသွား၍  ကြံတောင်သူများအတွက် နစ်နာမှုများ ရှိနေသည်ဟု သိရသည်။

ထို့နောက် ယခုနှစ်တွင် ကြံခုတ်ခဈေးနှုန်း၊ ကုန်တင်ကားခ ဈေးနှုန်းနှင့် အလုပ်သမားခ ဈေးနှုန်းများသည် ၂ ဆခန့် မြင့်တက်နေခြင်းကြောင့် တောင်သူများက ကြံစက်ရုံများကို ကြံဈေးနှုန်းများ တိုးမြှင့်ပေးရန် တောင်းဆိုနေကြ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ကြံစိုက်တောင်သူ ဦးမောင်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နောက်ကျတာပေါ့လေ အရင်နှစ်တွေကထက် စာရင်တော့။ ရာသီဥတုက နောက်ကျတော့ တော်သေးတာ ပေါ့။ ပုံမှန်ဆို ဒီနှစ်ရာသီဆို မိုးများပြီလေ။ ဒီနှစ် မိုးနောက်ကျတာနဲ့ ကြံနောက်ကျတာနဲ့ တောင်သူတွေ ကံကောင်း သေးတယ်ပေါ့နော်။ နောက်ကျတဲ့အတွက် ကြံတွေက ဥဒေါင်းပေါက်ပြီး အချိန်မစီးတာတို့၊ အလုပ်သမားခ ဈေးတက်တာတို့ တောင်သူတွေကတော့ နစ်နာတာပေါ့လေ။ ဈေးကတော့ ဒီအတိုင်းပဲ အရင် သူတို့ကြေညာ ထားတဲ့ ဈေးအတိုင်းပဲ။ တောင်သူတွေကတော့ ၁ သိန်းခွဲ ပေးဖို့ရာ တောင်းဆိုနေတယ်။ ကြံခုတ်ခတွေ၊ ကြံတင်ခ တွေ ကုန်ဈေးနှုန်းတွေကတက်တော့ အလုပ်သမားခတွေက တိုးတောင်းတယ်။ နဂို ကြံတစ်တန်ကို ကြံတင်ခ ၅၀၀၀ သတ်မှတ်တယ်။ အခု ၉၀၀၀/၁၀၀၀၀ ပေးရတယ်။ ကြံခုတ်ခက နဂိုက ၅၀၀၀/၆၀၀၀ ဒီနှစ် ၉၀၀၀/၁၀၀၀၀ အဲဒီလို တစ်ဝက် တက်တာပေါ့နော်။ အလုပ်သမားခ တက်တယ်၊ ကုန်ဈေးနှုန်းကတက်တော့ အလုပ်သမားတွေက အလုပ်သမားခ တက်တောင်းတော့ တက်ပေးရတယ်။ ကြံဈေးနှုန်း တက်ပေးဖို့တော့ စက်ရုံ တွေကို တောင်သူတွေက တောင်းဆိုနေတာပဲ” ဟု ပြောသည်။

မြန်မာ့ကြံကို တွေ့ရစဉ်

ကြံခုတ်ယူ ပြီးစီးမှု နောက်ကျသည့်အတွက် လာမည့်ရာသီတွင် ကြံစိုက်ပျိုးမှု၌ ၃ နှစ်ပြည့်ပြီးသော ကြံစိုက်ခင်းများ မှာ အခက်အခဲ ရှိနိုင်ကြောင်း သိရသည်။

၃ နှစ်ပြည့်ပြီးသော ကြံစိုက်ခင်းများသည် ကြံပင်အသစ်များဖြင့် စိုက်ပျိုးကြရခြင်းကြောင့် ကြံရာသီအမှီ စိုက်ပျိုး ထုတ်လုပ်နိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် လာမည့် ကြံစိုက်ရာသီတွင် ကြံစိုက်ပျိုးမှုနှုန်း ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်သည်ဟု ကြံလုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။

ယခုနှစ်တွင် သကြားစက်ရုံအသစ်များ ထပ်မံတိုးချဲ့လာခြင်းနှင့် လာမည့်နှစ်များတွင် ထပ်မံ၍ သကြားစက်ရုံ အသစ်များ လည်ပတ်လာနိုင်သည့်အတွက် ကြံစိုက်တောင်သူများအနေဖြင့် ကြံအထွက်နှုန်း တိုးလာစေရန် အထူး ဂရုစိုက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက တိုက်တွန်းထား သည်။