CNI International News

ဘေကျင်း၊ မေလ ၂၄

ပြည်ပမှ ဘွဲ့ယူပြီးပြန်လာသည့် တရုတ်ကျောင်းသားများသည် တရုတ်၏ ပြိုင်ဆိုင်မှု ပြင်းထန်သော  အလုပ်အကိုင် စျေးကွက်နှင့် ရင်ဆိုင်နေရပြီး အချို့ကျောင်းသားများသည် ၎င်းတို့ မျှော်မှန်းထားသည့် လစာငွေထက် ၃ ပုံ ၁ ပုံ ကျော်ကိုသာ ရရှိနေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ကျောင်းသားများနှင့် မိဘများပါဝင်သည့် လူပေါင်း ၉၀၀၀ ကျော်ကို ကောက်ယူသည့် စစ်တမ်းတွင် ပြည်ပ၌ ပညာသင်ကြား၍ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသော ကျောင်းသားများသည် အလုပ်ရပြီး ပထမလတွင် ၎င်းတို့ မျှော်မှန်းထားသည့် လစာငွေ၏ ၂၃ ရာခိုင်နှုန်းမှ ၃၄ ရာခိုင်နှုန်းကိုသာ ရရှိကြောင်း ဖော်ပြထားသည်။

New Oriental Education & Technology Group မှ ပြုလုပ်ခဲ့သည့် ထိုစစ်တမ်း ကောက်ယူမှု၌ ပြည်ပတွင် ပညာသင်ကြားခဲ့သည့် ဘွဲ့ကြိုကျောင်းသားများ၏ ပထမဆုံး လစာငွေမှာ ပျမ်းမျှ ၇၉၂၈ ယွမ် (၁၀၉၇ ဒေါ်လာ) ရရှိခဲ့ပြီး ၎င်းတို့မျှော်မှန်းထားသည့် လစာငွေထက် ယွမ် ၂၇၀၀ လျော့နည်းနေသည်ဟု ဖော်ပြထားသည်။

မာစတာဘွဲ့များရခဲ့သည့် ကျောင်းသားများ၏ ပျမ်းမျှလစာငွေမှာ ၉၅၂၆ ယွမ်ဖြစ်ပြီး ၎င်းတို့ မျှော်မှန်းထားသည့် လစာငွေထက် ယွမ် ၂၂၀၀ လျော့နည်းနေသည်ဟု ဆိုသည်။

တရုတ်က အလုပ်အကိုင်ပြပွဲကိုတွေ့ရစဉ်

ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အား အကြီးဆုံးဖြစ်သည့် တရုတ်၏ စီးပွားရေးသည် အပြည့်အဝ နာလန်မထူသေးချိန် တွင် ယခုနှစ်အတွင်း တရုတ်၏ အလုပ်အကိုင် စျေးကွက်အတွင်းသို့ တက္ကသိုလ်ကျောင်းသား ၁၁ ဒသမ ၇၉ သန်း ခန့် စံချိန်တင် ဝင်ရောက်လာဖွယ်ရှိသည်။

ဧပြီလအတွင်းက တရုတ်၏ အလုပ်လက်မဲ့နှုန်းကို တိုင်းတာ ဖော်ပြချက်တစ်ခုတွင် အသက် ၁၆ နှစ်မှ ၂၄ နှစ်ကြား လူငယ်များ၏ အလုက်လက်မဲနှုန်းသည် မတ်လတုန်းကကဲ့သို့ အပြောင်းအလဲ မရှိဘဲ ၁၅ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ သည်ဟု တရုတ်အမျိုးသား စာရင်းဇယားဗျူရိုက ထုတ်ပြန်ခဲ့သည်။

ထိုအသက်အရွယ် အပိုင်းအခြားတွင် အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးကာလမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင်ဖြစ်ပြီး ၂၁ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိခဲ့ကာ ဒီဇင်ဘာလတွင် အလုပ်လက်မဲ့နှုန်းမှာ ၁၄ ဒသမ ၉ ရာခိုင်နှုန်းအထိ လျော့ကျ သွားခဲ့သည်။

တရုတ်က အလုပ်ခေါ်စာများကို ကြည့်နေစဉ်

ပြီးခဲ့သည့်လက အသက် ၂၅ နှစ်မှ ၂၉ နှစ်အရွယ် လူငယ်များအကြား အလုပ်လက်မဲ့နှုန်းမှာလည်း အပြောင်းအလဲ မရှိဘဲ ၇ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့သည်။

“လူငယ် အလုပ်လက်မဲ့ ပြဿနာဟာ အလုပ်သမား စျေးကွက်ကို ပုံမှန်ပြန်လည် မလုပ်ဆောင်ခဲ့တဲ့ အကြောင်းရင်း တွေထဲက တစ်ခုဖြစ်ပါတယ်။ ကျနော်တို့ဟာ အချက်အလက်တချို့ ပျောက်ဆုံးနေပါတယ်”ဟု  Allianz Trade အာမခံကုမ္ပဏီ၏ အာရှ-ပစိဖိတ်ရေးရာ စီးပွားရေးပညာရှင် ဖရန်ကို့စ် ဟောင် (Francoise Huang) က ပြောကြား ခဲ့သည်။

Source: SCMP