CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၄

မလေးရှားနိုင်ငံရှိ UNHCR ထံတွင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူနှင့် ခိုလှုံခွင့်တောင်းခံသူဦးရေ ၁၉၀,၀၀၀ (တစ်သိန်းကိုးသောင်း)နီးပါး ရှိသည့်အထဲ မြန်မာနိုင်ငံမှ ၁၆၀,၀၀၀ (တစ်သိန်းခြောက်သောင်း)ကျော် ပါဝင် ကြောင်း မလေးရှားရှိ UNHCR က ထုတ်ပြန်ထားသည်။

ထိုစာရင်းသည် ၂၀၂၄ ခုနှစ်၊ ဧပြီလအထိဖြစ်ပြီး မြန်မာနိုင်ငံမှ တစ်သိန်းခြောက်သောင်းကျော်အနက် ဘင်္ဂါလီ ဦးရေမှာ ၁၁၀,၀၀၀(တစ်သိန်းတစ်သောင်း)ကျော်၊ ချင်းလူမျိုး ၂၆၀၀၀ ခန့်နှင့် ပဋိပက္ခဒဏ် ခံခဲ့ရသည့် ဒေသများမှ အခြားတိုင်းရင်းသားလူမျိုး ၃၀၀၀၀ ကျော်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာတိုင်းရင်းသားများ UN ဒုက္ခသည်ကတ် ရရှိရေးမှာ ယခင်ကတည်းက ခက်ခဲနေခြင်းဖြစ်ပြီး လက်ရှိအချိန် အထိ ခက်ခဲနေဆဲဖြစ်ကြောင်း ရခိုင်ဒုက္ခသည်များဗဟို(CAR)မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “ရိုဟင်ဂျာတွေကို ဦးစားပေးတာပေါ့နော်။ ဦးစားပေးတာရယ်တော့ မဟုတ်ဘူးပေါ့၊ ရိုဟင်ဂျာတွေ အများစု ရကြတယ် ပြောရမှာပေါ့။ ရိုဟင်ဂျာတွေက အများစုရကြတယ်။ ကျန်တဲ့တိုင်းရင်းသားတွေက အနည်းစု။  ဆိုတော့ အရင်အတိုင်းပါပဲ။ ခက်ခဲတုန်းပါပဲ။ UNHCR အခွင့်ရေးရဖို့၊ နောက်ပြီးတော့ UN ကတ်ရဖို့ကတော့ တော်တော် လေး ခက်ခဲပါတယ်။ အရင်အတိုင်းပါပဲ။ Process က မြန်လာတာတော့ မရှိဘူးပေါ့။ နည်းနည်းကလေး အရင်ထက် စာရင် active ဖြစ်လာတယ်။ နည်းနည်းလှုပ်လှုပ်ရှားရှား ရှိလာတာက လွဲပြီးတော့ ဒီလိုပဲ ထွက်ပြေးလာတဲ့ မြန်မာ နိုင်ငံသားတွေ၊ ခိုလှုံခွင့်တောင်းနေတဲ့ မြန်မာနိုင်ငံသားတွေကို အသိအမှတ်ပြုမှုက နည်းတယ်။ အဖမ်းအဆီး ကလည်း တလောကပဲ လူနေတဲ့ ရပ်ကွက်ပေါ့ အဖမ်းအဆီးခံရတဲ့ မြန်မာတွေ ရာနဲ့ချီ အဖမ်းခံရတယ်။ စာရွက် စာတမ်း အထောက်အထား မရှိလို့” ဟု ပြောသည်။

ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများ၏ ၆၅ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်ပြီး ၃၅ ရာခိုင်နှုန်းမှာ အမျိုးသမီး များဖြစ်ကြောင်း၊ အသက် ၁၈ နှစ်အောက် ကလေးအရေအတွက်မှာ ငါးသောင်းကျော်ခန့်ရှိကြောင်း UNHCR ၏ စာရင်းအရ သိရသည်။

မလေးရှားရှိ  UNHCR ရုံးမြင်ကွင်း

ထို့အပြင် မလေးရှားတွင် ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသည့် မြန်မာများ ဖမ်းဆီးခံရပါက UNHCR ထံသို့ အကြောင်းကြားရာတွင် အထောက်အထား မှန်ကန်မှု ရှိ၊ မရှိ အကြောင်းပြန်ကြားမှုမှာ ကြန့်ကြာကြောင်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။

၎င်းတို့ဘက်မှ အကြောင်းပြန်ကြားမှု မရောက်လာသေးသရွေ့ အဖမ်းခံထားရသည့် UN ဒုက္ခသည်ကတ်သမား များမှာ ထိန်းသိမ်းရေးစခန်းများတွင်သာ နေထိုင်ကြရကြောင်း သိရသည်။

ထို့အပြင် လက်ရှိတွင် အလုပ်အကိုင်များလည်း ရှားပါးလျက်ရှိသည့်ကြားထဲ၌ လူလိမ်ပွဲစားများ၏ လိမ်လည်မှု များအား ခံနေရကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

“အခုအချိန်မှာ ပါမစ်ရှိပေမယ့်လည်း ဖမ်းဆီးပြီးတော့ ပြန်ပို့ခံရတဲ့ နိုင်ငံခြားသားတွေ အများကြီးရှိပါတယ်။ အလုပ် အကိုင်ဆိုရင်လည်း ရှားပါးနေပါတယ်။ အလုပ်အကိုင်နဲ့ လက်ရှိ ရှိနေတဲ့ အလုပ်သမားပေါ့နော် တခြား နိုင်ငံသား တွေလည်း အများကြီးရှိတဲ့အထဲမှာ matching မဖြစ်ဘူး‌ပေါ့နော်။ အလုပ်တွေရှားပါးမှု ရှိနေတဲ့ အနေအထားမျိုးမှာ ဒီကြားထဲမှာ ကိုယ့်မြန်မာ ပွဲစားတွေကပဲ ကိုယ့်နိုင်ငံသားအချင်းချင်းတွေကို လိမ်လည်ပြီး အလုပ်သွင်းပေးပြီးတော့ တစ်လလောက်ပဲလုပ်၊ ပြီးတော့ အလုပ်မရှိတော့ဘူးဆိုပြီး အလုပ်ထုတ် လခမပေးတာတွေလည်း အများကြီး ရှိပါတယ်” ဟု ၎င်းက ပြောသည်။

မလေးရှားတွင် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ အော်ပရာစီ အဖမ်းအဆီး တစ်ကျော့ပြန် ပြန်လည်များလာနေပြီး မြန်မာနိုင်ငံသား အများအပြားလည်း ဖမ်းဆီးခံနေရကြောင်း မလေးရှားနိုင်ငံရှိ ပရဟိတအဖွဲ့အစည်းများထံက သိရသည်။

ထိုသို့ ဝင်ရောက်ဖမ်းဆီးရာတွင် နိုင်ငံခြားသားရွှေ့ပြောင်း လုပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ တရားဝင် အထောက်အထား ရှိသူများဖြစ်ပါက ပြန်လည်စေလွှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။