CNI International News

၂၀၂၄ ခုနှစ်၊ မေလ ၃၀

၂၀၁၈ ခုနှစ်ကတည်းက မြန်မာ-တရုတ် ကုန်သွယ်ရေးသည် တရုတ်ဘက်သို့ အလေးသားခဲ့ပြီး ကုန်သွယ်ရေး မညီမျှမှုကို တွေ့ရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်ရေး မညီမျှမှုသည် ဒေါ်လာ ၁၂၆၆ ဒသမ ၄၂၃ သန်းအထိရှိခဲ့ပြီး ထိုမညီမျှမှုသည် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်ရေးမညီမျှမှုသည် ဒေါ်လာ ၁၃၀၉ ဒသမ ၁၂၂ သန်းရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ ဒေါ်လာ ၅၃၃ ဒသမ ၅၁၉ သန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၁၆၁၃ ဒသမ ၃၅၄ သန်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၁၆၉၆ ဒသမ ၄၅၅ သန်းအထိရှိခဲ့သည်။ 

(၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်သည် ယာယီဘတ်ဂျက်ခေါ် အသေးစားဘတ်ဂျက် ချပေးခဲ့သည့်ကာလ ဖြစ်သည်။)

မြန်မာနိုင်ငံက တင်ပို့ရောင်းချသည့် ကုန်ပစ္စည်းများထဲတွင် သဘာဝဓာတ်ငွေ့၊ ရာဘာ၊ ပဲစိမ်း၊ ဆန်နှင့် စိုက်ပျိုးရေး ထွက်ကုန်များ၊ အစေ့အဆန်များ၊ သတ္တုရိုင်းများနှင့် ငါးများပါဝင်ပြီး တရုတ်ကနေ တင်သွင်းဝယ်ယူသည့် ကုန်ပစ္စည်းများထဲကတော့ ချည်ထည်များ၊ မြေသြဇာများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ယာဉ်များ၊ လျှပ်စစ်ပစ္စည်းများ၊ ဓာတု ပစ္စည်းများနှင့် ပလပ်စတစ်များ ပါဝင်ခဲ့သည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ယူနန်ပြည်နယ်အစိုးရအဖွဲ့၀◌င် တစ်ဦးကိုတွေ့ရစဉ်

မြန်မာနိုင်ငံသည် အသင့်သုံးနိုင်သည့် ထောက်ပံ့ရေး ကုန်ပစ္စည်းများကို အများဆုံး ဝယ်ယူနေရခြင်းက မြန်မာနိုင်ငံ အနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အားနည်းမှုရှိနေကို ဖော်ပြရာ ရောက်နေသည်။

ထိုအချက်အလက်များသည် တရားဝင် ထုတ်ပြန်ထားသည့် စာရင်းဇယားများအပေါ် အခြေခံထားခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ရွှေ၊ ကျောက်စိမ်းနှင့် မြေရှားသတ္တုများကဲ့သို့ တရားမဝင် ပို့ကုန်များကို ထည့်သွင်းတွက်ချက်မည်ဆိုပါက အလွန်စိုးရိမ်စရာ ကောင်းလှသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့မြေရှားသတ္တု စုစုပေါင်း၏ ၉ ရာခိုင်နှုန်းရှိနေပြီး မြန်မာ့စီးပွားရေးကို မြှင့်တင်ရန် ထိုမြေရှား သတ္တုများအား တရားဝင် တင်ပို့ရောင်းချခြင်း သို့မဟုတ် အကျိုးရှိရှိ အသုံးချခြင်းတို့ မရှိခဲ့ဘဲ တရုတ်သို့သာ တရားမဝင် တင်ပို့လျက်ရှိသည်။

မြန်မာနှင့် တရုတ်အကြား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၈ ရက်က လက်မှတ်ရေးထိုးခဲ့သည့် ကုန်သွယ်ရေး ချောမွေ့မှုကို မြှင့်တင်ရေး အလုပ်တာဝန်အဖွဲ့ ထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်တွင် သက်တမ်းတိုးခဲ့သည်။

နှစ်နိုင်ငံကုန်သွယ်ရေး အရေးကိစ္စများကို ဖြေရှင်းရန် ကုန်သွယ်ရေး ချောမွေ့မှု အလုပ်တာဝန်အဖွဲ့ အစည်းအဝေး ကျင်းပရန်  မြန်မာနိုင်ငံက ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်တွင် တရုတ်သံရုံးအား တရားဝင် စာပေးပို့ခဲ့သော်လည်း တရုတ်အာဏာပိုင်များက ယနေ့ထက်ထိ တုန့်ပြန်ခဲ့ခြင်းမရှိသေးကြောင်း သိရသည်။

မြန်မာ-တရုတ် လင်းချန်ကုန်စည်ပြပွဲ

တရုတ်၏ ဈေးကွက်များအတွင်း ဝင်ခွင့်ရရှိစေရန် မြန်မာသည် ကုန်သွယ်ရေးပြပွဲများ၊ ဆွေးနွေးပွဲများကို ပုံမှန် ပါဝင်ခဲ့သည်။

၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြန်မာသည် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၊ လားရှိုး-လင်ချန်း နယ်စပ်ကုန်သွယ်ရေးပြပွဲ၊ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် တရုတ်၊ ကူမင်း ပို့ကုန်-သွင်းကုန် ကုန်စည်ပြပွဲများတွင် ပါဝင်ခဲ့သည်။

မြန်မာ့စီးပွားရေးအပေါ် တရုတ်၏ လွှမ်းမိုးမှုသည် ခိုင်မာစွာ အမြစ်တွယ်ခဲ့သဖြင့် တရုတ်သည် မြန်မာနိုင်ငံ၏ အဓိက အဖွဲ့အစည်းများအပေါ် သြဇာညောင်းနေသည်။

နစက၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် NLD တို့သည်လည်း တရုတ်၏ ဆန္ဒကို လိုက်လျောခဲ့ရသည်။ 

မြန်မာအနေဖြင့် တရုတ်နှင့် ကုန်သွယ်ရေးမညီမျှကို တန်ပြန်ရန်အတွက်လည်း အကူအညီ ကင်းမဲ့နေပြီး ရွေချယ်စရာနည်းလမ်းမှာ အကျပ်အတည်းဖြင့် ရင်ဆိုင်နေရသည်။

Source: CNI English Edition