CNI International News

ဘေကျင်း၊ မေလ ၂၃

တောင်အာရှဒေသတွင် ရောင်းချသည့် တရုတ်၏ စစ်လက်နက်ပစ္စည်းများသည် အရည်အသွေးပိုင်းတွင် အားနည်းချက်များရှိနေပြီး အရည်အသွေးနိမ့်များကို ရောင်းချနေသည်ဟု Khabarhub သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

တရုတ်၏ စစ်လက်နက်ပစ္စည်း တင်ပို့ကုန်များသည် အလွန်ခေတ်မီသည်ဟု အစပိုင်းတွင် ထင်မြင်ရသော်လည်း ထိုစစ်လက်နက်ပစ္စည်းများကို တင်သွင်းဝယ်ယူသည့်နိုင်ငံများက လက်တွေ့စမ်းသပ်ရာမှာတော့ အရည်အသွေး နိမ့်မှုများ ကြုံတွေ့ရသည်ဟု ပြောသည်။

အထူးသဖြင့် တောင်အာရှဒေသတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်၏ အနီးကပ်ဆုံး စစ်ဘက်ဆိုင်ရာ မိတ်ဖက်နိုင်ငံများထဲ၌ ပါဝင်လာခဲ့သည်။

တရုတ်ထုတ် စစ်လက်နက်ကို ပြသထားစဉ်

ပြီးခဲ့သည့် နှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်သည် သဘောတူညီမှုများ၊ ဖလှယ်မှုများ အပါအဝင် စီမံကိန်း အများအပြားမှတဆင့် စီးပွားရေးနှင့် စစ်ရေး မိတ်ဖက်ဆက်ဆံမှုကို ပိုမိုခိုင်မာစေရန် ကြိုးပမ်းခဲ့သည်။

မည်သို့ပင်ဆိုစေ တရုတ်က ဘင်္ဂလားဒေ့ရှ်အား တင်ပို့ရောင်းချသည့် စစ်လက်နက်ပစ္စည်းများတွင် ချွတ်ယွင်းချက် များရှိနေသည့် ပြဿနာများကြောင့် ထိုမိတ်ဖက်ဆက်ဆံမှုသည် သိသာထင်ရှားသော ဖိအားများအောက်သို့ ရောက်ရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သည် ပြီးခဲ့သည့် နှစ်များအတွင်း တရုတ်ထံမှ အသေးစား စစ်သင်္ဘောများ၊ ရေတပ်သုံး အမြောက် များ၊ သင်္ဘောဖျက် ဒုံးကျည်များနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များ အပါအဝင် အကြီးစား စစ်လက်နက် ပစ္စည်း အများအပြားကို ဝယ်ယူခဲ့သည်။

ထိုလက်နက်ပစ္စည်းများ၏ ချွတ်ယွင်းမှုများသည် ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ ထိရောက်မှုကို အဟန့်အတားဖြစ်စေရုံ သာမက နှစ်နိုင်ငံ ဆက်ဆံရေးကိုလည်း မသိမသာ တင်းမာလာစေခဲ့သည်။

ပြီးခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်သည် အကြီးစား စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချသည့် အဓိကနိုင်ငံ ဖြစ်လာခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ လက်နက်များ တင်ပို့ရောင်းချသော ထိပ်သီးနိုင်ငံများစာရင်းတွင် အမေရိကန်၊ ရုရှား၊ ပြင်သစ်နှင့် ဂျာမနီတို့ပြီးလျှင် ပဉ္စမနေရာ၌ ရှိခဲ့သည်။

တရုတ် လက်နက်ရောင်းချမှု အများစုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများက ဝယ်ယူခဲ့သည်။

တရုတ်၏ လက်နက်တင်ပို့ ရောင်းချသည့် နိုင်ငံများထဲတွင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ နီပေါနှင့် မြန်မာနိုင်ငံလည်း ပါဝင်ခဲ့သည်။

Source: khabarhub