CNI International News

ဘေကျင်း၊ ဇွန်လ ၁ 

တရုတ်၏ စူပါမားကတ်ကဏ္ဍ ပြိုလဲမှုသည် တရုတ်စီးပွားရေး၏ ဆိုးရွားသည့် အခြေအနေကို ထင်ဟပ်စေပြီး တစ်ချိန်က ဖောက်သည်များနှင့် စည်ကားနေသည့် စူပါမားကတ်များသည် ယခုတွင် ဝယ်သူများ ခြောက်ကပ် နေသည်ဟု Daily Asian Age သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ဝယ်သူများနည်းပါးလာပြီး ကုန်စည်ရွေ့လျားမှု နှေးကွေးနေခြင်းသည် တရုတ်၏ စီးပွားရေး အခက်အခဲကို ပုံဖော် ပြသရာရောက်နေပြီး စားသုံးသူဝယ်လိုအား လျော့ကျနေပြီး ဘဏ္ဍာရေးဖိအားများ မြင့်တက်လာသည့်ကြားတွင် စီးပွားရေးလုပ်ငန်းများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

ထိုအကျပ်အတည်းသည် စူပါမားကတ်များ ဆက်လက် ရပ်တည်နိုင်စွမ်းကို ခြိမ်းခြောက်နေရုံသာမက နောက်ထပ် ဂယက်ရိုက်ခတ်မှုများကို ဖြစ်လာစေနိုင်သည့် စီးပွားရေးပြဿနာများအား ပိုမိုနက်ရှိုင်းစေလိမ့်မည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။

စူပါမားကတ်မှာ ဈေး၀ယ်နေကြစဉ်

ချောင်ကင်း (Chongqing) မြို့ရှိ စူပါမားကတ်များအတွက် ကုန်စည်များ တင်သွင်းမှုတွင် တာဝန်ယူရသည့် အရေးမြှင့်တင်ရေး ဝန်ထမ်းတစ်ဦးဖြစ်သူ မစ္စစ် ဝမ် (Wang) က ယခုနှစ်အတွင်း ကုန်စည်များ ဖြန့်ချိမှုမှာ  စျေးကွက်အတွင်း ပြဿနာရှိနေကြောင်း ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အတွင်း ဒေသခံမီဒီယာများက ဖော်ပြသည့် သတင်းများတွင် အဆိုပါ အရောင်းဝန်ထမ်း အမျိုးသမီး၏ ပြောကြားချက်များကို ကိုးကားပြီး ကုန်စည်များနှင့် စူပါမားကတ်များသည် ပုံမှန်ရောင်းချနိုင်ခြင်း မရှိကြောင်း ဖော်ပြခဲ့သည်။

ယခုနှစ် စူပါမားကတ်များရှိ စီးပွားရေး လုပ်ငန်းများသည် နှေးကွေးနေပြီး ကုန်စည်များသည် အဆင်ပြေ ချောမွေ့မှု မရှိဘဲ စီးဆင်းနေကာ လမ်းများပေါ်တွင် ရောင်းချသည့် စျေးဆိုင်များလည်း ဝယ်သူများ လျော့နည်းနေသည်ဟု ဆိုသည်။

တရုတ်ရဲ့စီးပွားရေးကို ညွန်းပြထားစဉ်

ဒေသခံစျေးဆိုင်ပိုင်ရှင်များကလည်း စတိုးဆိုင်အများစု၏ အမြတ်များသည် ဆက်လက် ကျဆင်းနေပြီး ကုန်စည် များကို ရောင်းချရသည့်တိုင် ရောင်းရငွေနှင့် ဆိုင်ခန်းငှားခ၊ ဝန်ထမ်းလစာပေးရသည့် ကုန်ကျစရိတ်များနှင့် မကာမိကြောင်း ပြောကြားခဲ့ကြသည်။

ထို့ကြောင့် တစ်ဆင့် ပြန်လည်ရောင်းချသည့် စတိုးဆိုင်ပိုင်ရှင်များသည် ကုန်စည်ဖြန့်ဖြူးသူများနှင့် သဘောတူညီ ချက်များရယူပြီး စတိုးဆိုင်များတွင်တင်သော ကုန်စည်များ ရောင်းမထွက်ပါက ထိုကုန်စည်များကို ဖြန့်ဖြူးသူက ပြန်လည်ဝယ်ယူပါမည်ဆိုသော ကတိဖြင့် စာချုပ်များ ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။

ထို့ကြောင့် ကုန်စည်များသည် ဝယ်သူများထံ မရောက်ဘဲ ဖြန့်ဖြူးသူထံ ပြန်လည်ရောက်ရှိသွားသဖြင့် ကုန်စည် စီးဆင်းမှုတွင် အခက်အခဲများနှင့်ကြုံတွေ့ရကာ ဖြန့်ဖြူးသူများသည် ကြီးမားသည့် ဖိအားများအောက်သို့ ရောက်ရှိ နေသည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

Source: Daily Asian Age