CNI International News

နယူးဒေလီ၊ ဇွန်လ ၁

အိန္ဒိယတွင် ကုန်ထုတ်လုပ်မှုကဏ္ဍသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြီးမားကျယ်ပြန့်လာမှု၏ အဓိက မောင်းနှင်အားဖြစ်ခဲ့ပြီး ဂျီဒီပီကို မြင့်တက်စေကာ လူငယ်များအကြား အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ပေါက်စေခဲ့သည်ဟု News Bomb သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ကုန်ထုတ်လုပ်မှုကဏ္ဍသည် အိန္ဒိယဂျီဒီပီ၏ ၁၆ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းကြားရှိခဲ့ကာ  မော်တော်ကားများ၊ လျှပ်စစ်ပစ္စည်းများ၊ အစားအစာထုတ်လုပ်မှုများ၊ အထည်အလိပ်များ၊ ကာကွယ်ရေးနှင့် ဆေးဝါးကဏ္ဍများကဲ့သို့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုနှင့် နည်းပညာ စွန့်ဦးတီထွင်မှုများကြောင့် အိန္ဒိယ၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် ပိုမို အရှိန်အဟုန်ကောင်းလာခဲ့သည်။

ထိုကဏ္ဍများသည် မကြာသေးမီ နှစ်များအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ၏ ထုတ်လုပ်နိုင်စွမ်းနှင့် ထိရောက်မှုတို့ကို မြင့်တက်စေခဲ့ပြီး အိန္ဒိယကို ကမ္ဘာလုံးဆိုင်ရာ စျေးကွက်နေရာတစ်ခုတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နေရာသို့ ရောက်ရှိစေခဲ့သည်။

အိန္ဒိယစက်ရုံတစ်ခုကိုတွေ့ရစဉ်

အန္ဒိယ၏ ကုန်ထုတ်လုပ်မှု လှုပ်ရှားမှုများသည် ၂၀၂၁-၂၀၂၄ ခုနှစ်အတွင်း ဆက်တိုက် အရှိန်ဟုန်ကောင်းခဲ့ပြီး ဝယ်ယူသူ မန်နေဂျာများညွှန်းကိန်း (PMI)တွင် ၂၀၂၁ ခုနှစ်က ၅၄ ဒသမ ၅ မှတ်မှ ၂၀၂၃ ခုနှစ်တွင် ၅၆ ဒသမ ၈ မှတ်အထိ နှစ်အလိုက် တိုးတက်လာခဲ့သည်။

ကုန်ထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် အန္ဒိယသည် ၂၀၂၁ ခုနှစ်က ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးကုန်ထုတ်လုပ်သည့် ၁၀ နိုင်ငံစာရင်း၌ အဆင့် ၆ နေရာတွင်ရှိခဲ့ပြီး ၂၀၂၂၊ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ မတ်လအထိ အဆင့် ၁ နေရာမှာ ရပ်တည်နိုင်ခဲ့သည်။

၂၀၂၂ ခုနှစ်က အန္ဒိယ၏ ပျမ်းမျှ PMI သည် ၅၅ ဒသမ ၃ မှတ်ရှိခဲ့ပြီး ကမ္ဘာ့ထိပ်သီး ကုန်ထုတ်လုပ်သည့် ၁၀ နိုင်ငံ စာရင်းတွင် အမြင့်ဆုံးဖြစ်ကာ ဒုတိယနေရာတွင် အမေရိကန်က ၅၃ ဒသမ ၄ မှတ်နှင့် တတိယနေရာတွင် ဂျပန်တို့ က ၅၂ ဒသမ ၁ မှတ် ရှိခဲ့သည်။ 

၂၀၂၃ ခုနှစ်တွင် အိန္ဒိယ၏ PMI သည် ၅၆ ဒသမ ၈ ၊ ဒုတိယနေရာတွင် မက္ကဆီကိုက ၅၁ ဒသမ ၂ နှင့် တရုတ်က ၄၉ ဒသမ ၉ အဖြစ် အစဉ်လိုက် ရပ်တည်ခဲ့သည်။

ပို့ကုန်များကိုတွေ့ရစဉ်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအကြားတွင်လည်း အန္ဒိယနိုင်ငံ၏  PMI သည် ၅၇ ဒသမ ၅ ၊ ဒုတိယနေရာတွင် အမေရိကန်က ၅၁ ဒသမ ၅ ၊ တတိယနေရာတွင် မက္ကဆီကိုက ၅၁ ဒသမ ၆ နှင့် စတုတ္ထနေရာတွင် တောင်ကိုရီးယားက ၅၀ ဒသမ ၆ တို့ဖြင့် အစဉ်လိုက် ရပ်တည်ခဲ့သည်။

အိန္ဒိယသည် ကုန်ထုတ်လုပ်မှု၏ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် ထုတ်ကုန်များကို ကမ္ဘာလုံးဆိုင်ရာ စျေးကွက်သို့ တင်ပို့ရောင်းချမှုကို မြှင့်တင်ရန်အတွက် ခိုင်မာသည့် မူဝါဒများ ချမှတ်လုပ်ဆောင်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု၊ ဆန်းသစ်တီထွင်မှု၊ အခြေခံ အဆောက်အအုံနှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍတို့ကို အဆင်ပြေ ချောမွေ့ စေရန်အတွက် ၂၀၁၄ ခုနှစ် စတင်လုပ်ဆောင်ခဲ့သည့် Make in India အစီအစဉ်သည် အကျိုးအမြတ်များ ဖြစ်ထွန်း သည့် ရလဒ်များ ထွက်ပေါ်ခဲ့သည်ကို အထက်ဖော်ပြပါ ကိန်းဂဏန်းများက သက်သေခံလျက်ရှိသည်။

 Source: News Bomb