CNI News

၂၀၂၄ ခုနှစ်၊ ဇွန် ၆

နစက၏ ကုန်ပစ္စည်းချင်း ဖလှယ်သည့် ကုန်သွယ်မှုစနစ်သည် ကုန်သွယ်မှုကို လျော့ကျသွားနိုင်သည်ဟု ကုန်သည်များက ပြောသည်။

နိုင်ငံခြားငွေ လိုအပ်ချက်ကို လျှော့ချနိုင်ရန်အတွက် ကုန်သွယ်ဖက် နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်း အပြန်အလှန် ဖလှယ်သည့် ကုန်သွယ်မှုစနစ်ကို စတင်ကျင့်သုံးရန်အတွက် နစက-က ညွှန်ကြားထားကြောင်း ကုန်သည်များထံမှ သိရသည်။

ကုန်ပစ္စည်းချင်း ဖလှယ်သည့် စနစ်သည် ရှေးယခင်က အသုံးပြုခဲ့သည့် စနစ်တစ်ခုဖြစ်ပြီး ခေတ်မမှီတော့သည့် အတွက် မည်သည့်နိုင်ငံမှ အသုံးမပြုကြကြောင်း၊ သို့သော်လည်း လက်ရှိတွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေ လိုအပ်ချက် ဖြစ်ပေါ်နေခြင်းကြောင့် ယင်းကုန်သွယ်မှုစနစ်ကို ပြန်လည်အသက်သွင်းလာခြင်း ဖြစ်သည်ဟု သုံးသပ်နေကြသည်။

ထိုစနစ်ဖြင့် ကုန်သွယ်မှု လုပ်ဆောင်ရမည်ဆိုပါက ကုန်သွယ်မှုများ ကျဆင်းလာမည် ဖြစ်ကြောင်း၊ ထို့နောက် ကုန်သွယ်ဖက် နိုင်ငံများထံမှ တင်သွင်းလိုသည့် ပစ္စည်းနှင့် တင်ပို့နေသည့် ကုန်စည်ပမာဏသည် မျှတမှု မရှိသည့် အတွက်လည်း ကုန်သည်များတွင် အခက်အခဲ ဖြစ်ပေါ်သွားနိုင်ကြောင်း၊ နောက်ဆုံးတွင် စားသုံးသူ ပြည်သူများ အပေါ်တွင် သက်ရောက်မှု ဖြစ်သွားမည်ဟု စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြော သည်။

ကုန်တင်နာ သေတ္တာများကိုတွေ့ရစဉ်

၎င်းက “ကုန်သွယ်မှုလည်း ကျသွားမှာပဲ။ ဘာလို့ဆို ကိုယ်က ဆန်ပို့ပြီး ဆေးပစ္စည်း သွင်းချင်တယ်။ ဒါပေမယ့် ဆေးပစ္စည်းက အိန္ဒိယက သွင်းရတာ။ ဆန်က အိန္ဒိယက သူ့ဆီမှာ ပိုလို့ ကမ္ဘာကို ပြန်ရောင်းနေတာ။ ဆိုတော့ ကိုယ်က အိန္ဒိယကို ဆန်ပို့ပြီး အိန္ဒိယက ဆေးဘယ်လိုလုပ် ဝယ်မလဲ။ ကိုယ်က ဆန်ကို တရုတ်ပို့ရမှာ။ တရုတ်က ရတဲ့ ပိုက်ဆံနဲ့ အိန္ဒိယက ဆေးပစ္စည်း ဝယ်ရမှာ။ အဲဒီလိုပဲ လုပ်ရမှာ။ ဆန်ကို အာဖရိကကို ပို့တယ်။ ဆန်ကို ဘင်္ဂလာဒေ့ရှ် ပို့တယ်။ သူတို့ဆီက ငွေယူပြီးတော့မှ လုပ်ရမှာ။ အခုတော့ ဘင်္ဂလာဒေ့ရှ်ကို ဆန်ပို့တယ်၊ ဘင်္ဂလားဒေ့ရှ်ကနေ ဘာတွေပြန်သွင်းမလဲ၊ ဘာမှ လောက်လောက်လားလား သွင်းစရာမရှိဘူး။ နောက် ကိုယ်က တရုတ်ဆီ အများကြီး ဝယ်ရမယ်။ ကိုယ်ပို့တဲ့ဆန်အိတ်က မလောက်လေးမလောက်စား။ ပြန်သွင်းဖို့အတွက် အဆင်မပြေပြန်ဘူး။ ဆိုတော့ အများကြီးပေါ့။ ပြည်သူလူထုကို တိုက်ရိုက်တော့ မထိဘူး။ ဒါပေမယ့် ကုန်သည်ကို ထိမှာ။ ကုန်သည်ကိုထိရင် နောက်ဆုံး ပြည်သူလူထုပဲ။ ပြည်သူလူထုကို ထိတော့ထိမှာပေါ့” ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံသည် နိုင်ငံတကာသို့ တင်ပို့နိုင်သည့် အဆင့်မီသော ကုန်ပစ္စည်းများ မထုတ်လုပ်နိုင်သည့် အပြင် လက်ရှိ ဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုကြောင့် ကုန်ပစ္စည်းချင်း အပြန်အလှန် ဖလှယ်သော ကုန်သွယ်မှုစနစ်သည် အဆင်မပြေနိုင်ကြောင်း ကုန်သည်များက ပြောသည်။

ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးဖြင့်သော်လည်းကောင်း၊ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်ဈေး ၂၁၀၀ ကျပ်ဖြင့်လည်းကောင်း ကန့်သတ်ထားခြင်းနှင့် နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် သွင်းကုန်တင်သွင်းရာတွင် လိုင်စင်အခက်အခဲ ဖြစ်ပေါ်နေသည့်အတွက် ပို့ကုန်/သွင်းကုန် ကုမ္ပဏီများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ကုန်ပစ္စည်းချင်း အပြန်အလှန် ဖလှယ်သည့် ကုန်သွယ်မှုစနစ် လုပ်ဆောင်ရန် အဆိုတင်သွင်းခြင်း ဖြစ်နိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ခန့်မှန်းကြသည်။

ကုန်များသယ်နေကြစဉ်

မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက “ဒီအတိုင်းရောင်းဆို ဒီအတိုင်းပဲ ရောင်းရမှာ ပဲလေ ဒီနိုင်ငံမှာကတော့။ ဒီအတိုင်းလုပ်ဆိုလည်း ဒီအတိုင်း လုပ်ရမှာပဲလေ။ ဒီထက်ပိုပြီးတော့ လုပ်ကြည့်ပြီးမှ အခက်အခဲကို တင်ပြပြီးမှ နောက်တစ်မျိုး ပြောင်းတာတော့ ဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့။ အခုလောလောဆယ် ကတော့ အရင်တုန်းကလည်း ဒီဟာမျိုးပေါ့နော်။ ပြောင်းကနေပြီးတော့ ဆီ ၂ ဆီ သွင်းဖို့တို့၊ အခြားသီးနှံတွေက ဘာသွင်းပါ။ ရော်ဘာကနေ မြေဩဇာသွင်းပါ။ ဒီလိုတွေလည်း လုပ်ခဲ့တယ်ဆိုတော့ အခုဟာကလည်း အဲဒီမူကနေ ပြီးတော့ နည်းနည်း ဒီဘက်ကနေ ပြောင်းရောင်းတဲ့သူက ဘာသွင်းခွင့်ရတယ်။ ဘာလုပ်ကြမယ်ဆိုတာ ကိုယ့်ဘာသာကိုယ်ပဲ တွက်ပြီးတော့ လုပ်ရမှာပေါ့နော်။ အဲဒီသွင်းဖို့ကရော ကိုယ်သွင်းချင်တာ သွင်းလို့ရလား မရလားဆိုတဲ့ အပိုင်းကလည်း ရှိသေးတယ်လေ။ အဲဒီတော့ ဒါက တဖြည်းဖြည်းချင်း သွားရမယ့်ကိစ္စ။ လုပ်ကြည့် ရင်းနဲ့မှပဲ ကောင်းသည်ဆိုးသည် တွေ့ရမှာပေါ့နော်။ ပြည်တွင်းမှာ ကုန်စည်ပြန်ရောင်းပြီး ငွေပြန်ဖလှယ်ပေါ့ ဒီလိုပဲ ရှိတာပဲလေ။ ဥပမာပေါ့ လောင်စာဆီ ဖြစ်ရင်ဖြစ်မယ်၊ စားအုန်းဆီ ဖြစ်ရင်ဖြစ်မယ်။ အိမ်ဆောက်ပစ္စည်း ဖြစ်ရင်ဖြစ် မယ်၊ ဆေးဝါး ဖြစ်ရင်ဖြစ်မယ်။ သွင်းလာပြီးတဲ့အခါ ဒါတွေကို ပြန်ရောင်းပေါ့။ ပြန်ရောင်းပြီးတော့ မြန်မာငွေ ပြန်ရှာပေါ့ ဒီလိုပဲ သွားရမှာပေါ့” ဟု ပြောသည်။

လက်ရှိ ကျင့်သုံးမည့် ကုန်ပစ္စည်းချင်း အပြန်အလှန် ဖလှယ်သော ကုန်သွယ်မှုစနစ်သည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ကျင့်သုံးခဲ့သည့် လယ်ယာထွက်ကုန် တင်ပို့မှုမှ စက်သုံးဆီနှင့် စားသုံးဆီကို ပြန်လည်တင်သွင်းခွင့် ပြုသည့်စနစ်နှင့် အလားတူကြောင်း၊ သို့သော်လည်း တင်ပို့သည့် ကုန်စည်နှင့် တင်ပို့သည့်နိုင်ငံမှ မည်သည့်ကုန်စည် သွင်းခွင့်ရှိ သည်ကို မသိရသေးကြောင်း ပို့ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။