CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၆

မလေးရှားတွင် တရားမဝင် အထောက်အထားမဲ့များ၊ ပါမစ်တွင်ပါရှိသည့် နေရာနှင့် အလုပ်အကိုင် လွဲမှားနေသူများ သာမက နိုင်ငံကူးလက်မှတ်ရှိပြီး ပါမစ်မရှိသူများပါ ဖမ်းဆီးခံနေရကြောင်း မလေးရှား၌ နေထိုင်လျက်ရှိသည့် မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှား အစိုးရအနေဖြင့် နိုင်ငံခြားသား ရွှေ့ပြောင်းများကို လျှော့ချလိုသည့်အတွက် ပါမစ်အသစ်များအား ယခု ၂၀၂၄ ခုနှစ်တွင် ထပ်မံထုတ်ပေးနိုင်ဖွယ်မရှိကြောင်း မလေးရှား၌ မြန်မာနိုင်ငံသားများအရေး ကူညီ‌ဆောင်ရွက် ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော့်အမြင်နဲ့ ပြောရမယ်ဆိုရင် ဒီ ၂၀၂၄ မှာ ထပ်ဖွင့်ဖို့ မဖြစ်နိုင်လောက်ဘူးလို့ ထင်တယ်။ ဘာကြောင့် လဲဆို ဒဏ်ကြေးဆောင်ပြီး ပြန်ဖို့အတွက်ကို ၂၀၂၄ နှစ်ကုန်တဲ့အထိ သူတို့ဖွင့်ထားတဲ့ အနေအထားမျိုးမှာ ဒီ နေထိုင်ခွင့်ပါမစ် ထပ်ဖွင့်ပေးဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူးလို့ မြင်တယ်။ အဓိကဖမ်းတာကတော့ တရားမဝင် ဝင်လာပြီးတော့ ဘာအထောက်အထားမှ မရှိတဲ့လူ၊ ဒုတိယတချက်ကတော့ အထောက်အထားရှိပြီးတော့ နေထိုင်ခွင့်သက်တမ်းမရှိတဲ့သူတွေ၊ တတိယတစ်ချက်ကတော့ နေထိုင်ခွင့်သက်တမ်းရှိပြီးတော့ ဥပမာ ပါမစ် ရှိပြီးတော့ ပါမစ်လိပ်စာနဲ့ အလုပ်လိပ်စာ တစ်ခြားကွဲလွဲမှုတွေရှိရင်လည်း အဲဒီ ၃ ချက်ကို သူတို့ အဓိကထား ဖမ်းဆီးနေကြပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ပါမစ်အသစ် ရိုက်ထုတ်ပေးရန် မလေးရှားအာဏာပိုင်များဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသဖြင့် ပွဲစားများမှ ပါမစ်ပြုလုပ်ပေးမည်ဆိုသည့် ပြောဆိုမှုများကို မယုံသင့်ကြောင်းလည်း မလေးရှားရောက် မြန်မာများက သတိပေးသည်။

သက်ဆိုင်ရာ မလေးရှားအာဏာပိုင်များမှ စစ်ဆေးမှု ဆောင်ရွက်နေစဉ်

အထောက်အထားရှိပြီး ပါမစ်မရှိသူများအနေဖြင့် ဖမ်းဆီးခံရပါက နေရပ်ပြန်ပို့ခြင်းကို ခံရသကဲ့သို့ အချို့မှာ တရားမဝင် အထောက်အထားမဲ့များနည်းတူ ပြစ်ဒဏ်ကျခံခြင်းကို ခံရကြောင်းလည်းသိရသည်။

ပါမစ်ရှိ အလုပ်အကိုင်နှင့် လွဲမှားလုပ်ကိုင်သူများသည် လမ်းခရီးတွင် စစ်ဆေးခံရပါက အဖမ်းမခံရ နိုင်သော်လည်း အလုပ်ရုံအတွင်း၌ လာရောက်စစ်ဆေးခြင်းဖြစ်ပါက အဖမ်းခံရကြောင်း မလေးရှားတွင် နေထိုင်သူ ကိုပါးက CNI သတင်းဌာနသို့ ပြောသည်။

“အထောက်အထားရှိပြီးတော့ ပါမစ်မရှိတဲ့သူတွေကြတော့ မရဘူး။ ဥပမာ စာအုပ်ရှိပြီးတော့ ပါမစ်မရှိတာမျိုးဆို မရဘူးသူတို့တွေ့တာနဲ့ဖမ်း။ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်ကဆို အဲဒီလိုဟာတွေအများကြီးပဲ ပါသွားတာ။ ဂျိုဟိုးမှာပေါ့။ အထောက်အထားရှိပြီးတော့ ပါမစ်မရှိတဲ့သူအဖမ်းခံရရင်လည်း အထောက်အထားမရှိတာနဲ့ အတူတူပဲ။ စာအုပ် လေးရှိရုံနဲ့တင် ဒီမှာအကျုံးမဝင်ဘူးလေ။ သူတို့ဖမ်းပြီး မြန်မာပြည်ပြန်လွှတ်တာပဲ။ ဒီမှာ နေထိုင်ခွင့်ပါမစ် ရှိမှသာလျှင် အဖမ်းအဆီးက လွတ်တာပေါ့။ အခုလက်ရှိမှာကတော့ ဒီမှာ တော်တော်လေးနဲ့ အခြေအနေ မကောင်းဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ တရားမဝင်နေထိုင်တဲ့ လုပ်သားအင်အားများတော့လေ။ အရင်တုန်းကနဲ့အခုနဲ့ အဖမ်းအဆီးကွာခြားမှုတွေကတော့ အရင်တုန်းက အထောက်အထား လုံးဝမရှိတဲ့လူတွေ ကိုပဲ ဦးစားပေးပြီးတော့ ဖမ်းတာ။ နောက်ပြီး ပတ်စပို့ဘာညာ အဲဒီလို အထောက်အထား တစ်ခုခုရှိရင် လွှတ်ပေး တယ်ပေါ့။ အခုအနေအထားမှာတော့ ပတ်စပို့ရှိလည်း ပါမစ်မရှိရင်ဖမ်းတယ်။ နောက်ပြီးရင် ပါမစ်ရှိပြီးတော့လည်း သူ့ရဲ့ ပါမစ်အလုပ်နဲ့မတူရင်ဖမ်းတယ်။” ဟု၎င်းက ပြောသည်။

သက်ဆိုင်ရာ မလေးရှားအာဏာပိုင်များမှ စစ်ဆေးမှု ဆောင်ရွက်နေစဉ်

မလေးရှားတွင် ရီကာလီဘရာစီပါမစ်များအား ယခု ဇွန်လကုန်တွင် အပြီးသတ်ထုတ်ပေးသွားရန် မလေးရှား အာဏာပိုင်များမှ ကြေညာထားသည်။

ထို့အပြင် လက်ရှိမလေးရှားနိုင်ငံ၌ တရားဝင်သာမက တရားမဝင် နိုင်ငံခြားသား လုပ်သားဦးရေမှ လိုအပ်သည် ထက် ပိုမိုများပြားနေသောကြောင့် မလေးရှားနိုင်ငံအတွင်း၌ ဝေဖန်သုံးသပ်မှုများလည်း ရှိနေသည်။

မလေးရှားအာဏာပိုင်များသည် စီမံချက်ဖြင့် ဖမ်းဆီးခြင်းများအပြင် ၎င်းနိုင်ငံသားများ၏ တိုင်ကြားမှုများကိုလည်း လိုက်လံဖမ်းဆီးပေးနေသည့်အတွက် လက်ရှိတွင် မလေးရှားနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများမှာ အကြပ် အတည်းများဖြင့် ပိုမိုရင်ဆိုင်နေရကြောင်းလည်း သိရသည်။

လက်ရှိအဖမ်းအဆီးများနေသည့်ကာလတွင် ယူနီဖောင်းများဖြင့် ဝင်ရောက်ဖမ်းဆီးခြင်းအပြင် အရပ်ဝတ်များ ပြောင်းလဲဝတ်ဆင်ကာ နိုင်ငံခြားသား ရွှေ့ပြောင်းများ ရှိတတ်သည့်နေရာများသို့ သွားရောက်ပြီး ရုတ်တရက် ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်းလည်း သိရသည်။