CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇

ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်လိုက်သည့် လုပ်သားများ၏ မိသားစုထံလွှဲပို့ငွေနှင့် ပတ်သက်၍ စာရင်းတင်ပြရမည် ဖြစ်သောကြောင့် အခက်တွေ့နေကြကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ များက CNI သတင်းဌာနသို့ ပြောသည်။

မိမိစေလွှတ်လိုက်သည့် လုပ်သားတစ်ဦးချင်းစီမှ မိသားစုထံလွှဲပို့ငွေဖြစ်သော လစာ၏ ၂၅ ရာခိုင်နှုန်းအား တရားဝင်ဘဏ်များဖြင့် လွှဲပို့ခြင်း ရှိ/မရှိအား စာရင်းတင်ပြရမည်ဟု ဝန်ကြီးဌာနဘက်မှ ပြီးခဲ့သည့် ရက်ပိုင်းက စာထုတ်လာသည့်အတွက် အခက်တွေ့နေရကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်း ရှင်များအဖွဲ့ချုပ် MOEAF မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အရေးယူမယ့် အပိုင်းတွေ ပါတာပေါ့။ အဲဒီလိုမျိုး မတင်ပြနိုင်ရင် ရပ်ဆိုင်းမယ်လို့ ဘာတို့ပါနေလို့ အေဂျင်စီတွေ အကုန်လုံး ပြဿနာလေးတွေ ရှိနေတာပေါ့။ လုပ်သားက သူ့ဘာသာသူ သူ့အိမ်ကို သူပို့မှာလေ။ ၂၅ ရာခိုင်နှုန်း ဘဏ်စနစ်ကနေ သူ့ဘာသာသူပို့မှာ။ အဲဒီသူပို့တဲ့စာရင်းကို အစ်ကိုတို့က တင်ပြရမှာ ဖြစ်နေတာ။ ဘာလို့ဆို အစ်ကိုတို့က ဒီပိုက်ဆံကြီး သွားယူလို့မှ မရတာ။ သွားယူပြီးတော့ အတင်းပို့ခိုင်းလို့မရဘူး။ သူတို့က ကြတော့ သူတို့ငွေဈေးနဲ့ သူတို့ပို့တာပေါ့။ နောက်တစ်ခုက ငွေဈေးကလည်း ဟိုဘက်နဲ့ ဒီဘက် ပေါက်ဈေးက နည်းနည်းလေး လိုနေတာလေးတွေရှိတာပေါ့။ ဒီဘက်ကတော့ အေဂျင်စီတွေကတော့ ဘဏ်စနစ်နဲ့ လွှဲဖို့အတွက် အကုန်လုံးပြောလိုက်တာပဲ။ ဘဏ်တွေလည်း ဖွင့်ပေးလိုက်တာပဲ။ ဒါပေမယ့် တချို့တွေကြတော့လည်း လွှဲမယ် ထင်တယ်။ တချို့တွေကြတော့လည်း များသောအားဖြင့်က နယ်ကိုအတိုးနဲ့ပြန်လွှဲနေရတာဖြစ်တော့” ဟု ပြော သည်။

ပြည်ပထွက်ခွာရန် အေဂျင်စီများနှင့် စာချုပ်ချုပ်ဆိုထားသူများကို တွေ့ရစဉ်

လုပ်သားများအနေဖြင့် ပြည်ပနိုင်ငံများသို့ မထွက်ခွာခင် ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် စာချုပ်ချုပ်ဆိုရာ၌ လစဉ်လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းအား မိသားစုထံသို့ တရားဝင်လမ်းကြောင်းမှ လွှဲပို့မည့်အချက်ကို ထည့်သွင်း ချုပ်ဆိုထားကြခြင်းဖြစ်သည်။

သို့သော် တစ်ဖက်နိုင်ငံသို့ ရောက်ရှိချိန်တွင် မိသားစုထံလွှဲပို့ငွေနှင့်ပတ်သက်၍ စာချုပ်ချုပ်ဆိုထားမှုမှာ အသက်ဝင်ရန် အခက်အခဲဖြစ်သွားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ အခက်အခဲများကြောင့် ဝန်ကြီးဌာနနှင့် အေဂျင်စီများ ပြန်လည်ညှိနှိုင်းရမည့် အနေအထားဖြစ်ကြောင်း လပ်ကီးပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

 ဒေါ်လာနှင့် ကျပ်ငွေ 

“ကိုယ်လွှတ်ထားတဲ့ကလေးတွေက အရပ်ဒေသတွေကလည်း အများကြီး။ လွှတ်တဲ့ကုမ္ပဏီတွေကလည်း အများကြီး။ လိုက်ဆင်းကောက်ဖို့ကလည်း မလွယ် အဲဒါမျိုးအခက်အခဲတွေရှိပါတယ် အေဂျင်စီတွေမှာ။ လိုက် ကောက်ခိုင်းတယ်။ push လုပ်ခိုင်းတယ် အေဂျင်စီတွေကို တာဝန်ယူခိုင်းတာပေါ့နော်။ ဒါပေမယ့် ဒီဘက်ကတော့ မလွယ်ဘူးထင်တယ် အဲဒီကိစ္စတွေက။ ဝန်ကြီးဌာနကနေပြီးတော့ သက်ဆိုင်ရာ နိုင်ငံတော်အဆင့်တွေကို ပြန်ပြီး မေတ္တာရပ်ခံပြောပေးမှ အဆင်ပြေမှာ။ အခက်အခဲအကြပ်အတည်း ဖြစ်သွားပြီလေ။ အကောင်းဆုံးဘယ်လို ဖြစ်ရ မလဲဆိုတာ မိခင်ဝန်ကြီးဌာနကို တင်ပြ၊ မိခင်ဝန်ကြီးဌာနကနေမှ နိုင်ငံတော် အကြီးအကဲတွေကို ပြန်တင်ပြ ဒါမျိုးသွားရမှာလေ။ လုပ်ချင်တိုင်းလုပ်လို့မရပါဘူး ဒီကိစ္စမှာ။ လူကြီးတွေရဲ့ ဖြေလျှော့မှုအပေါ်မှာပဲ တို့က လမ်းလျှောက်လို့ရမှာ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် အမျိုးသားများ၏ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်အပေါ် အသက်ကန့်သတ်ချက်များ ပြုလုပ်ထား သဖြင့် ပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ဈေးကွက်မှာ အနုတ်ပြနေသည့် အနေအထားဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် လက်ရှိတွင် ယခင်အလုပ်ခေါ်စာအဟောင်းများကိုသာ စေလွှတ်နေကြခြင်းဖြစ်ပြီး အလုပ်ခေါ်စာ အသစ်များမှာလည်း တစ်ဖက်နိုင်ငံ၌ နှုန်းထားမြင့်တက်နေသည့်အတွက် ရရှိမှု နည်းပါးနေကြောင်းလည်း ပြည်ပ အလုပ်အကိုင်အေဂျင်စီများထံက သိရသည်။