CNI International News

တိုကျို၊ ဇွန်လ ၁၅

ဂျပန်နိုင်ငံတွင် လုပ်သားအင်အား ရှားပါးမှုပြဿနာ ဖြေရှင်းရန်အတွက် ပြည်ပလုပ်သားများကို နိုင်ငံအတွင်း၌ ကြာရှည်စွာနေထိုင်စေရန် ဥပဒေများကို ဂျပန်လွှတ်တော်က ဇွန်လ ၁၄ ရက်တွင် ပြဋ္ဌာန်းခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ယခင်က ပြည်ပလုပ်သား အလုပ်သင် အစီအစဉ်ကို ပြောင်းလဲသည့် ထိုလုပ်ဆောင်ချက်အရ အစိုးရသည် အခွန် ဆောင်ရန် ပျက်ကွက်သော ပြည်ပလုပ်သားများ သို့မဟုတ် အာမခံကြေး ပေးသွင်းရန် ပျက်ကွက်သည့် ပြည်ပ လုပ်သားများအတွက် အမြဲတမ်းနေထိုင်ခွင့်အား ပြန်လည်ရုပ်သိမ်းနိုင်မည်ဖြစ်သည်။

ဂျပန်၏ ပြည်ပလုပ်သားများ လက်ခံမှုဆိုင်ရာ မူဝါဒတွင် သိသာသည့် အပြောင်းအလဲ တစ်ခုဖြစ်သည့် ယခုပြဋ္ဌာန်း သော ဥပဒေများသည် လာမည့် ၃ နှစ်အတွင်း အကျုံးဝင် သက်ရောက်မည်ဖြစ်သည်။

စနစ်သစ်အရ ပြည်ပမှ ပါရမီရှိသည့် ကျွမ်းကျင်လုပ်သားများကို ပိုမိုရရှိစေရန်နှင့် အတွေ့အကြုံမရှိသော လုပ်သား များကို သုံးနှစ်အတွင်း လိုအပ်သည့် လုပ်ငန်းအတွေ့အကြုံများ ရရှိစေရန် အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ် သည်။

ယခုပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ လုပ်သားများ၏ နည်းပညာဆိုင်ရာ စွမ်းရည်များ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ထားသော ၁၉၉၃ ခုနှစ်ကတည်းက ထုတ်ပြန်ထားသည့် နည်းပညာဆိုင်ရာအလုပ်သင် လေ့ကျင့်ရေး အစီအစဉ်နေရာတွင် အစားထိုး လုပ်ဆောင်မည်ဖြစ်သည်။

ဂျပန်နိုင်ငံက လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်

ထိုစနစ်အဟောင်းသည် ဂျပန်အတွက် ပြည်ပမှ လုပ်သားများကို ဈေးပေါပေါဖြင့် ခေါ်ယူနိုင်သည်ဟု ဝေဖန်မှုများ နှင့် ကာလကြာရှည် ရင်ဆိုင်ခဲ့ရသည်။

ယခုစနစ်သစ်အရ လုပ်ငန်းတစ်ခုထဲတွင် တစ်နှစ်ကျော်ကြာ လုပ်ကိုင်ပြီး ဂျပန်ဘာသာစကားနှင့် ပရော်ဖက်ရှင် နယ် စွမ်းရည်များသည် သတ်မှတ်ချက်နှင့်ပြည့်မီသည့် လုပ်သားများသည် အလားတူ နောက်ထပ် လုပ်ငန်းခွင်၌ ပြောင်းလဲလုပ်ကိုင်ခွင့်ရမည် ဖြစ်သည်။

ဂျပန်နိုင်ငံတွင် နေထိုင်သည့် ပြည်ပနိုင်ငံသား အရေအတွက်သည် ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၄ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ဂျပန်နိုင်ငံသာများ၏ လူဦးရေသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁ ရက်တွင် ၅၉၅,၀၀၀ ကျဆင်းခဲ့ကာ နိုင်ငံ့လူဦးရေ စုစုပေါင်းသည် ၁၂၄,၃၅၂,၀၀၀ သာ ရှိခဲ့သည်။ 

ယခုထုတ်ပြန်သည့် ဥပဒေကို ပြီးခဲ့သည့်လက အောက်လွှတ်တော်တွင် အတည်ပြုခဲ့ပြီးနောက် ဇွန်လ ၁၄ ရက်၌ အာဏာရ LDP ပါတီ၏ ထောက်ခံမှုနှင့်အတူ အထက်လွှတ်တော်က ထပ်မံအတည်ပြု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Source: ဘန်ကောက်ပို့စ်