CNI International News

နယူးဒေလီ၊ ဇွန်လ ၁၈

အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပ စီးပွားရေးစင်္ကြံ (IMEC)ကဲ့သို့ အထူးအခြေခံ အဆောက်အအုံ စီမံကိန်းများကို ထောက်ပံ့ပေးမည်ဟု စက်မှုထိပ်သီးခုနစ်နိုင်ငံ (G-7) အဖွဲ့ဝင်နိုင်ငံများက အီတလီနိုင်ငံတွင် ပြုလုပ်သည့် ၃ ရက်ကြာ အစည်းအဝေးအပြီး ထုတ်ပြန်သည့် ပူးတွဲကြေညာချက်၌ ကတိပြုခဲ့ကြသည်ဟု Devdiscourse သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

G-7 အဖွဲ့သည် ပိုမိုကောင်းမွန်သည့် အခြေခံ အဆောက်အအုံများနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် စီးပွားရေးစင်္ကြံ များကို ခိုင်မာအားကောင်းစေရန် ရည်ရွယ်ထားသည်။

ထိုရည်ရွယ်ချက်များထဲတွင် လိုဘီတို (Lobito) ၊ လူဇွန် (Luzon) ၊ အလယ်ပိုင်းနှင့် အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပ စီးပွားရေးစင်္ကြံများအတွက် ဘဏ္ဍာရေး အားထုတ်ကြိုးပမ်းမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် အဓိက စီမံကိန်းများလည်း ပါဝင်သည်။

G-7 ခေါင်းဆောင်များကိုတွေ့ရစဉ်

ထို့ပြင် ဥရောပသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ မုဂ်ဝ (EU Global Gateway) ၊ မဟာအစိမ်းရောင် တံတိုင်း (Great Green Wall) နှင့် အာဖရိကတိုက်အတွက် အီတလီ၏ Mattei Plan ကဲ့သို့ တည်ရှိဆဲ အစီအစဉ်များကို အခြေခံပြီး လုပ်ဆောင်သွားရန် G-7 က စီစဉ်လျက်ရှိသည်။

မိမိတို့အနေဖြင့် အသစ်စတင်သည့် ပရောဂျက်များဖြစ်သည့် G-7 PGII အစီအစဉ်များကို ပိုမိုခိုင်မာအောင် လုပ် ဆောင်ရန်၊ အရည်အသွေးရှိသည့် အခြေခံ အဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ပြောင်းလဲ တိုးတက်မှု ရှိမည့် စီးပွားရေးစင်္ကြံများကို ဖော်ဆောင်မည့် အစီအစဉ်များကို အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

G-7 ခေါင်းဆောင်များသည် နိုင်ငံတကာဥပဒေ၏ အုပ်ချုပ်မှုအောက်တွင် လွတ်လပ်ပွင့်လင်းမှုရှိသည့် အင်ဒို-ပစိဖိတ် ဒေသဖြစ်စေရန် ၎င်းတို့၏ ပြင်းပြသော ရည်မှန်းချက်များကိုလည်း ထပ်လောင်း အတည်ပြုခဲ့သည်။

အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပ စီးပွားရေးစင်္ကြံ (IMEC)လမ်းကြောင်းကို တွေ့ရစဉ်

မိမိတို့သည် တရားဥပဒေအပေါ် အခြေခံသည့် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသတွင် ဘက်စုံပါဝင်ရေး၊  ချမ်းသာကြွယ်ဝစေရေးနှင့် လုံခြုံရေး၊ အချုပ်အခြာအာဏာပိုင်မှု၊ နယ်မြေတည်တံ့ခိုင်မြဲရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ အဖြေရှာရေး၊ အခြေခံ လွတ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးများအတွက် မိမိတို့၏ ကတိကဝတ်များ ကို ထပ်လောင်း အတည်ပြုကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

G-7 သည် တရုတ်ကို ထိခိုက်နစ်နာစေရန် ကြိုးပမ်းခြင်း သို့မဟုတ် တရုတ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား ထိခိုက်စေရန် ကြိုးပမ်းခြင်း မရှိကြောင်း၊ သို့သော် မျှတမှုရှိသည့် လုပ်ထုံးလုပ်နည်းများဖြင့် စီးပွားရေး လုပ်ငန်း များကို ကာကွယ်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ညီလာခံ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အီတလီနိုင်ငံ၊ အပူလီယာ (Apulia) ဒေသတွင် ဇွန်လ ၁၃ ရက်မှ ၁၅ ရက်အထိ ပြုလုပ်ခဲ့သည့် G-7 ညီလာခံကို အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နှင့် ပြင်သစ်တို့ အပါအဝင် ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများမှ ဖိတ်ကြားထားသည့် ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

Source: Devdiscourse