CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄

မလေးရှားသို့ ဒုက္ခသည်အဖြစ် ရခိုင်နှင့် ချင်းတိုင်းရင်းသားများ ယခင်ကထက် ပိုမိုဝင်ရောက်လာကြောင်း သက်ဆိုင်ရာ တိုင်းရင်းသားဒုက္ခသည် အဖွဲ့အစည်းတို့၏ တာဝန်ရှိသူများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားရှိ ချင်းတိုင်းရင်းသား ဒုက္ခသည်ဦးရေမှာ ၂၀၂၁ ခုနှစ်တွင် ကောက်ယူထားသည့် စာရင်းအရ ၅ သောင်း  ဝန်းကျင်သာရှိခဲ့သော်လည်း လက်ရှိတွင် ၈ သောင်းကျော်အထိ ရှိနေပြီဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသား ဒုက္ခသည် ဦးရေမှာလည်း သောင်းကဏန်းကျော်အထိ ပိုမိုဝင်ရောက်လာကြောင်း ဒုက္ခသည်အဖွဲ့အစည်းတို့၏ တာဝန်ရှိ သူများက ပြောသည်။

ထိုသို့ ဝင်ရောက်လာကြရာတွင် မိသားစုအလိုက် ရောက်ရှိလာကြသူ နည်းပါးကာ လူငယ်များ အဓိကအများဆုံး လာရောက်ကြသည်ကို ပိုမိုတွေ့လာရကြောင်း Arakanese Community Malaysia (ARRC) မှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ချင်းဒုက္ခသည်များကိုတွေ့ရစဉ်

၎င်းက “အရင်ကထက်တော့ များလာတယ်။ များလာတဲ့အခြေအနေမှာ လူငယ်ပိုင်းတွေပိုများလာတယ်။ ကျနော် တို့ကတော့ New Arrival လို့ ပြောတာပေါ့။ ဒီဘက်မှာ အသစ်ရောက်လာတဲ့ လူတွေပေါ့။ အဓိကကတော့ ပြည်တွင်းက Impact တွေကြောင့် ဖြစ်မယ်လို့ ယူဆလို့ ရတယ်။ မိသားစုလိုက် ရောက်လာတာတော့ သိပ်မတွေ့ ဘူး။ ကျနော်တို့ကတော့ ရခိုင် community ပေါ့။ ရခိုင် community မှာကြတော့ မိသားစုလိုက် အဲဒီလိုမျိုး ရောက် တာတော့ သိပ်မရှိဘူး။ လူငယ်တွေပေါ့ အဓိကကတော့ အလုပ်လုပ်ကိုင်မယ့် လူငယ်၊ လူလတ်ပိုင်းတွေ များတာ ပေါ့။ သူတို့ကတော့ ရခိုင်ပြည် အပြင်ဘက်မှာနေပြီးမှ တခြားနေရာတွေမှာ အလုပ်လုပ်ကိုင်ရင်းနဲ့ အဆင်မပြေလို့ ထွက်လာတဲ့ အခြေအနေမျိုး အဲဒီလိုမျိုး ခန့်မှန်းလို့ရတာပေါ့” ဟု ပြောသည်။

ထိုသို့ လာရောက်ကြရာတွင် နယ်စပ်များမှ တရားမဝင်ခိုးဝင်ကာ ဒုက္ခသည်အဖြစ်ခံယူရန် လာ‌ရောက်ကြသလို အလည်ဗီဇာဖြင့် လာရောက်ပြီး Overstay အဖြစ်ခံကာ လာရောက်ကြသူများလည်း ရှိကြောင်း သိရသည်။

မလေးရှားသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား တိုင်းရင်းသားဒုက္ခသည်များသည် UNHCR မှ ထုတ်ပေးသည့် ဒုက္ခသည်ကဒ် ရရှိမှုနှုန်းထားသည် ယခင်ကတည်းက အရေအတွက် နည်းပါးခြင်းဖြစ်သော်လည်း ယခု နောက်ပိုင်း ဒုက္ခသည်အဖြစ် ရောက်လာသည့် လူသစ်များမှာ ဒုက္ခသည်ကဒ် ရရှိရန် ပို၍ ကြန့်ကြာကြောင်းလည်း သိရသည်။

ထို့အပြင် မလေးရှားအစိုးရမှလည်း နိုင်ငံတွင်း ဒုက္ခသည်များ ထူထပ်ပေါများသွားမည်ကို မလိုလားသဖြင့် တင်းကြပ်မှုများရှိကြောင်း Alliance of Chin Refugees မှ ဥက္ကဋ္ဌ James Bawi Thang Bik က CNI သတင်းဌာန သို့ ပြောသည်။

ချင်းဒုက္ခသည်များကိုတွေ့ရစဉ်

၎င်းက “မလေးရှားရဲ့ လက်ရှိ အခြေအနေမှာက UN ကဒ် ရသူ၊ မရသူ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မရသေးတဲ့သူ အရမ်းများတာ ဖြစ်တယ်။ ပြီးတော့ နောက်ပိုင်း မြန်မာနိုင်ငံ conflict က အရမ်းဖြစ်တဲ့အခါမှာ လူငယ်လူရွယ် အများကြီး ရောက်လာကြတယ်။ တချို့ CDM သမားတွေလည်း UN ကဒ် ရမယ်ဆိုပြီးလာကြတယ်။ မလေးရှား မှာက CDM ပဲဖြစ်ဖြစ် CDM မဟုတ်ဘဲဖြစ်ဖြစ် ဦးစားပေးခွဲခြားပြီး ပေးတယ်ဆိုတာ မရှိဘူး။ UN ကပေးတာမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ဟာလောက်ပဲ သူတို့က ဦးစားပေးတာ။ CDM ဆိုလည်း ဦးစားပေးတာတွေ ဘာတွေ မရှိဘူး။ UN ပေးတာက လူသစ်ကိုပေးတာ လုံးဝ အခုနောက်ပိုင်း ရောက်လာတဲ့ လူတွေ  ဘယ်သူမှ သူတို့မပေး သေးဘူး။ ပြီးတော့ တော်တော်နဲ့ ပေးမှာမဟုတ်ဘူး။ အခုသူတို့ ပြောတာတော့ ၂၀၁၉-၂၀ မှာ UN လျှောက်ထားတဲ့ သူတွေကိုပဲ သူတို့က ပေးနေသေးတာဖြစ်တယ်။ အဲဒါတောင်မှ သူတို့က ပေးနှုန်းတအားနည်းတာဖြစ်တယ်” ဟု ပြောသည်။

မလေးရှားသို့ UNHCR ဒုက္ခသည်ကဒ် မြန်ဆန်စွာ ရရှိမည်ဟု တွေးထင်ပြီး လာရောက်မည်ဆိုပါက မဖြစ်နိုင် ကြောင်း၊ ဒုက္ခသည်အဖြစ် လာရောက်ကြသူများထဲတွင် လူငယ် ပညာတတ် ဘွဲ့ရများပြားကြောင်း  သိရသည်။

မလေးရှားသို့ ဝင်ရောက်လာသည့် ဒုက္ခသည်နှုန်းထား များပြားလာသည်နှင့်အမျှ ကျန်းမာရေး အပါအဝင် အခြား သော အခက်အခဲများစွာကိုလည်း ကြုံတွေ့နေကြကြောင်း သိရသည်။