CNI International News

စင်္ကာပူ၊ ဇွန်လ ၂၇

၂၀၁၉ ခုနှစ်နောက်ပိုင်း ရာဇဝတ်မှုနှင့် ငွေကြေးခဝါချမှုနှင့် ဆက်နွှယ်ပြီး တရားမဝင်ငွေကြေး စင်္ကာပူဒေါ်လာ ၆ ဘီလျံ (ကန်ဒေါ်လာ ၄.၄ ဘီလျံ)ကို သိမ်းဆည်းရရှိခဲ့ကြောင်း စင်္ကာပူနိုင်ငံက ထုတ်ပြန်ကြေညာခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

စင်္ကာပူနိုင်ငံသည် လွန်ခဲ့သည့်နှစ်က ကြီးမားသော တရားမဝင် ငွေကြေး အရှုပ်တော်ပုံကြောင့် ၎င်း၏ ပြစ်ချက် ကင်းရှင်းသည့် ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ပြီးနောက် ယခုကဲ့သို တရားမဝင်ငွေကြေးများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

စင်္ကာပူနိုင်ငံသည် ကမ္ဘာအကြီးမားဆုံး ဖြစ်စဉ်များမှ တစ်ခုအဖြစ် စင်္ကာပူဒေါ်လာ ၃ ဘီလျံ ငွေကြေး ခဝါချမှု ဖြစ်စဉ်တစ်ခုတွင် လွန်ခဲ့သည့်နှစ်က ဝင်ရောက်စီးနင်းမှု အများအပြားကို လုပ်ဆောင်ခဲ့ရာ အိမ်ခြံမြေများ၊ ကား များနှင့် ဇိမ်ခံပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ပြည်ပနိုင်ငံသား အများအပြားကို ဖမ်းဆီးရမိခဲ့သည်။

 "နိုင်ငံတကာ ဘဏ္ဍာရေးနဲ့ စီးပွားရေး အချက်အချာ နေရာတစ်ခုအဖြစ် ကျနော်တို့ အနေနဲ့ အလွန်ကြီးမားတဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှု အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတာကို ဝန်ခံပါတယ်"ဟု ဝန်ကြီးချုပ် လောရန့်စ်ဝေါင်(Lawrence Wong)က ဇွန်လ ၂၆ ရက်တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။

"ဒါပေမဲ့ ဒီအန္တရာယ်တွေကို တုန့်ပြန်တဲ့နေရာမှာ ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်မယ်ဆိုတာကို ဆုံးဖြတ်ပြီး ယုံကြည်ရတဲ့ ငွေကြေးစင်တာတစ်ခုအဖြစ် စင်္ကာပူရဲ့ ဂုဏ်ပုဒ်ကို ကာကွယ်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

ရာဇဝတ်မှုဆိုင်ရာ ငွေကြေးစီးဆင်းမှုကို ရပ်တန့်ရန် စင်္ကာပူနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်း အား ဖော်ပြသည့် အစီရင်ခံစာတွင် စင်္ကာပူ၌ အမှုအများအပြား၌ ခေတ်မီဆန်းပြားသည့် နည်းစနစ်များကို အသုံးပြုသော ပြည်ပရာဇဝတ်အဖွဲ့များ ပါဝင်နေကြောင်း ဖော်ပြထားသည်။

သိမ်းဆည်းရမိသည့် စင်္ကာပူဒေါ်လာ ၆ ဘီလျံအနက် ၄၁၆ သန်းကို နစ်နာသူများထံ ပြန်လည်ပေးအပ်ခဲ့ပြီး ဒေါ်လာ ၁ ဘီလျံကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြောင်း၊ ကျန်ရှိသည့် ငွေကြေးများကို မည်သို့ စီမံခန့်ခွဲ ရမည်ဆိုခြင်းကို စုံစမ်းစစ်ဆေးမှုများနှင့် တရားရေး လုပ်ထုံးလုပ်နည်းများဖြင့် လုပ်ဆောင်နေသည်ဟု အစီရင်ခံ စာတွင် ဖော်ပြခဲ့သည်။

Source: ဘန်ကောက်ပို့စ်