CNI International News

နယူးဒေလီ၊ ဇွန်လ ၂၇

၂၀၅၀ ပြည့်နှစ်တွင် အိန္ဒိယသည် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာမည်ဖြစ်ပြီး အိန္ဒိယနောက်တွင် တရုတ်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရာဇီးလ်နှင့် ရုရှားတို့က အသီးသီး ရပ်တည်နေလိမ့်မည်ဟု ငြိမ်းချမ်းရေးနိုဘယ်ဆုရွေးချယ်ရေးကော်မတီ (NPPC) ၏ ဒုတိယခေါင်းဆောင် အက်စ်လီ တိုဂျီ (Asle Toje) က ပြောကြားခဲ့ကြောင်း Devdiscourse သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ဒေလီမြို့တော်ရှိ Pehle India  ဖောင်ဒေးရှင်းက ကြီးမှူးကျင်းပသည့် "Future Watch: The Emerging World Order" ပွဲတွင် တိုဂျီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တိုဂျီသည် လူသိများထင်ရှားသည့် နိုင်ငံရေးသိပ္ပံပညာရှင်နှင့် နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး အရှိန်အဟုန်အပေါ် ကျယ်ပြန့်စွာ ရှုမြင်သုံးသပ်မှုအတွက် ထင်ရှားကျော်ကြားသူ ဖြစ်သည်။

ထို့နောက် ၎င်းက အိန္ဒိယသည် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရွေးချယ်ရေးကော်မတီ၏ ဒုတိယခေါင်းဆောင် အက်စ်လီ တိုဂျီကိုတွေ့ရစဉ်

"အိန္ဒိယရဲ့ မဟာစွမ်းအားက ဘယ်လိုမျိုးဖြစ်လာမလဲ။ အဲဒါက မဖြစ်မနေ စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်" ဟု တိုဂျီက ပြောကြားခဲ့သည်။ 

ကမ္ဘာကြီးသည် အလွန်အဓိကကျသည့် အခိုက်အတန့်၊ အထူးသဖြင့် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုနှင့် ရင်ဆိုင် နေရချိန်တွင် အိန္ဒိယအနေဖြင့် ဆင်းရဲဒုက္ခများကို လျော့ပါးစေပြီး ငြိမ်းချမ်းရေးကို မြှင့်တင်ပေးမည်ဆိုပါက အကောင်းဆုံး ဖြစ်လာလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

"ဒီနိုင်ငံရဲ့ စွမ်းအားက ဘာလဲဆိုတာ သင်တို့ သိမှာမဟုတ်ပါဘူး။ အခြားနိုင်ငံတွေက ကိုယ်စားလှယ်တွေက အကူအညီ တောင်းခံဖို့အတွက် အိန္ဒိယကို လာရောက်ကြမယ့် အခြေအနေကို သင်တို့ဘဝတစ်လျှောက်မှာ မြင်တွေ့ရပါလိမ့်မယ်။ Vedas ဘာသာရေးရဲ့ သင်ခန်းစာတွေ၊ သမိုင်းကရတဲ့ ထိုးထွင်းသိမြင်မှုတွေ၊ ဒီနိုင်ငံရဲ့ နူးညံ့သိမ်မွေ့မှုတွေနဲ့ နှစ်ပေါင်း ၁၀,၀၀၀ လောက်ရှိတဲ့ ယဉ်ကျေးမှုတွေက အမြင့်ဆုံးကို ရောက်ရှိဖို့ လမ်းပြ ပေးနိုင်ပါလိမ့်မယ်" ဟု တိုဂျီက ပြောကြားခဲ့သည်။

NITI Aayog အေဂျင်စီ၏ ဒုဥက္ကဋ္ဌဟောင်းဖြစ်ပြီး Pehle India ဖောင်ဒေးရှင်းကို ထူထောင်သူဖြစ်သည့် ရာဂျစ် ကူမာ (Rajiv Kumar) ကလည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွဲပြားခြားနားစွာ ချဉ်းကပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးထား ပြောခဲ့သည်။

Pehle India ဖောင်ဒေးရှင်းကို ထူထောင်သူဖြစ်သည့် ရာဂျစ် ကူမာကို တွေ့ရစဉ်

"ကျနော်တို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကာဘွန်ထုတ်လွှတ်မှု လျော့ကျလာပြီး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ကောင်းလာတဲ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။ ဘယ်နိုင်ငံကမှ အဲဒီလို မလုပ်နိုင်ခဲ့ပါဘူး။ လမ်းဟောင်း အတိုင်း ဆက်ေလျှာက်သွားမှာ မဟုတ်ပါဘူး"ဟု ကူမာက ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး တိုဂျီက သံတမန်ရေးရာ အားထုတ်ကြိုးပမ်းမှုများ အောင်မြင်ခြင်း မရှိမှုကို မှတ်ချက်ပြုခဲ့ပြီး အနောက်နိုင်ငံများသည် ရုရှား၏ တရားဝင်မှုရှိသည့် ဒေသတွင်း ပထဝီနိုင်ငံရေး အကျိုးစီးပွား များကို အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားမှုများ လုပ်ဆောင်ခဲ့သော်လည်း ကြီးမား သည့် သံတမန်ရေးရာ အားထုတ်ကြိုးပမ်းမှု မရှိခဲ့ကြောင်း၊ ထိုပဋိပက္ခသည် ဥရောပကို ပြိုကွဲသွားစေနိုင်ကြောင်း နှင့် ထိုအမှန်တရားကို မည်သူကမျှ ဝန်မခံလိုကြောင်း တိုဂျီက ပြောကြားခဲ့သည်။

Source: Devdiscourse