CNI International News

နယူးဒေလီ၊ ဇွန်လ ၂၉

အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပ စီးပွားရေး စင်္ကြံ (IMEC) ကို အိန္ဒိယက ပုံဖော်ပေးခဲ့ကြောင်း အိန္ဒိယသမ္မတ ဒရူပါဒီ မာမူ (Droupadi Murmu) က ဇွန်လ ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း Devdiscourse သတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

အဆိုပါ IMEC အစီအစဉ်သည် ၂၁ ရာစု၏ အကြီးမားဆုံး အပြောင်းအလဲများထဲတွင် တစ်ခု အပါအဝင် ဖြစ်လာမည် ဖြစ်ပြီး အိန္ဒိယသည် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေးကိုလည်း တိုးမြှင့်ခဲ့ကြောင်း သမ္မတမာမူက လွှတ်တော် တွင် ပြောကြားခဲ့သည်။

အိန္ဒိယသည် လူသားဗဟိုပြု ချဉ်းကပ်ဆောင်ရွက်သည့် မူဝါဒကြောင့် မည်သည့်ပဋိပက္ခမဆိုတွင် ပထမဆုံး တုန့်ပြန် ဆောင်ရွက်ပေးသည့် နိုင်ငံဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“အိမ်နီးချင်းနိုင်ငံများ ဦးစားပေး မူဝါဒအရ အိန္ဒိယဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတွေကို တိုးမြှင့်ခဲ့ပါ တယ်။ ဇွန်လ ၉ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးများကောင်စီရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုလည်း အိမ်နီးချင်း ၇ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်”ဟု မာမူက ပြောသည်။

အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပ စီးပွားရေးလမ်းကြောင်းကို တွေ့ရစဉ်

“အရှေ့အာရှပဲဖြစ်ဖြစ်၊ အရှေ့အလယ်ပိုင်းပဲဖြစ်ဖြစ် ဥရောပပဲဖြစ်ဖြစ်၊ ကျမတို့ အစိုးရဟာ ချိတ်ဆက်ဆောင်ရွက်မှု တွေရဲ့ အရေးကြီးပုံကို ပြသခဲ့ပါတယ်။ အိန္ဒိယရဲ့ သဘောထားဟာ IMEC အစီအစဥ်ကို စတင်ပုံဖော်ပေးခဲ့တာပါ။ ဒီအစီအစဉ်ဟာ ၂၁ ရာစုရဲ့ အကြီးမားဆုံး အပြောင်းအလဲတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်လာပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

အိန္ဒိယ၊ အမေရိကန်၊ ယူအေအီး၊ ဆော်ဒီအာရေဗျ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ဥရောပသမဂ္ဂတို့သည် ပြီးခဲ့သည့် နှစ် စက်တင်ဘာလက နယူးဒေလီ (New Delhi) မြို့တော်တွင် ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-20) အစည်းအဝေးအတွင်း IMEC အစီအစဥ်ကို တည်ထောင်ရန် နားလည်မှုစာချွန်လွှာ၌ လက်မှတ်ရေးထိုးခဲ့သည်။

IMEC သည် တရုတ်၏ ပိုးလမ်းမစီမံကိန်းကဲ့သို့ ကြီးမားသည့် အပြောင်းအလဲ တစ်ခုဖြစ်လာမည်ဖြစ်ပြီး ပင်လယ် ကွေ့နိုင်ငံများအတွက်လည်း အကျိုးရှိစေလိမ့်မည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် ဥရောပသည် မိမိတို့နှင့်အတူ ရှိနေ ကြောင်း၊ IMEC သည် ခိုင်မာအားကောင်းသည့် ရလဒ်ထွက်လာမည်ကို လူတိုင်းက ယုံကြည်ထားကြောင်း အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ (Narendra Modi) က ANI သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ သည်။

အိန္ဒိယနဲ့ ဥရောပ ခေါင်းဆောင်များကိုတွေ့ရစဉ်

အိန္ဒိယသမ္မတ မာမူကလည်း ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းသည် ၂၁ ရာစု၏ တတိယဆယ်စုနှစ်တွင် ပုံစံအသစ် ပေါ်လွင်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

“ကျမတို့ အစိုးရရဲ့ အားထုတ်ကြိုးပမ်းမှုတွေကြောင့် နိုင်ငံတကာရဲ့ ယုံကြည်မှုတွေကို ရရှိခဲ့ပါတယ်။ အိန္ဒိယဟာ COVID-19 ကပ်ရောဂါ ဒါမှမဟုတ် ငလျင်လှုပ်ခတ်မှုတွေ ဒါမှမဟုတ် စစ်ပွဲဖြစ်ပွားတဲ့ အခြေအနေတွေမှာ လူသား မျိုးနွယ်တွေကို ကာကွယ်ပေးဖို့ ရှေ့ဆုံးက လုပ်ဆောင်ခဲ့ပါတယ်”ဟု မာမူက ပြောကြားခဲ့သည်။

Source: Devdiscourse