CNI International News

တိုကျို၊ ဇူလိုင် ၅

ဂျပန်၏ လူဦးရေ လျော့ကျနေချိန်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရေးအတွက်သာ အစိုးရက လုပ်ဆောင်နေမည်ဆိုပါက ၂၀၄၀ ပြည့်နှစ်မှာ ပြည်ပလုပ်သား ၁ သန်းခန့် ပြတ်လပ်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဂျပန်အခြေစိုက် ကျွမ်းကျင်ပညာရှင်အဖွဲ့က ခန့်မှန်းခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

လက်ရှိနှုန်းထားအရ ၂၀၄၀ ပြည့်နှစ်တွင် ဂျပန်၌ ပြည်ပလုပ်သား ၅ ဒသမ ၉၁ သန်းခန့်  အလုပ်လုပ်ကိုင်လိမ့်မည် ဖြစ်သည်။

ထိုပမာဏသည် နှစ်စဉ် ဖွံ့ဖြိုးတိုးတက်မှု ၁ ဒသမ ၂၄ ရာခိုင်နှုန်းရှိစေရန် ပစ်မှတ်ထားခဲ့သည့် သတ်မှတ်ချက်ကို ပြည့်မီစေရန် နောက်ထပ် လုပ်သားအင်အား ၁ သန်းနီးပါ လိုအပ်မည်ဖြစ်သည်ဟု  ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ သုတေသနအဖွဲ့ခွဲက ပြောကြားခဲ့သည်။

ပြည်ပလုပ်သား စျေးကွက်တွင် ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟချက်သည် ၂၀၁၂ ခုနှစ်က JICA က ခန့်မှန်းခဲ့ သည့် ပမာဏထက် နှစ်ဆကျော် မြင့်တက်ခဲ့သည်။ 

ဗီယက်နမ်၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ဂျပန်သို့ လာရောက်သည့် ပြည်ပလုပ်သား အရေအတွက်သည် ခန့်မှန်းထားသည့်နှုန်းထက် နှေးကွေးခဲ့သည်ဟုလည်း ထောက်ပြထားသည်။

ဂျပန်တွင် အသက်အရွယ် ကြီးရင့်သူ အရေအတွက် ပိုမိုများပြားလာပြီး ကလေးမွေးဖွားနှုန်း ကျဆင်းနေမှုတို့ ကြောင့် ပြည်တွင်း လုပ်သားအင်အား ပြတ်လပ်မှုကို ဖြည့်တင်းနိုင်ရန် ပြည်ပလုပ်သားများသည် ဂျပန်၏ စီးပွားရေးအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။

 ဂျပန်မှာ အလုပ်လုပ်နေသူ ၂ ဦးကိုတွေ့ရစဉ်

ပြီးခဲ့သည့် ၁၅ နှစ်အတွင်း ဂျပန်တွင် ပြည်ပလုပ်သား အရေအတွက်သည် ၂ ဒသမ ၀၅ သန်းအထိ ရှိခဲ့သည်။ ထိုပမာဏသည် ဂျပန်၏ လုပ်သားအင်အား စုစုပေါင်း၏ ၃ ရာခိုင်နှုန်းဖြစ်သည်။

ဂျပန်အစိုးရသည် ကာယလုပ်သားကဏ္ဍနှင့် ကျွမ်းကျင်လုပ်သားများအတွက် ဗီဇာပါမစ်များ တိုးမြှင့်ပေးခဲ့ပြီး ရွှေ့ပြောင်းလုပ်သားများကို လက်ခံမှုနှင့်ပတ်သက်ပြီး ပြည်သူ့သဘောထားများကို လိုက်လျောပေးခဲ့သည်။

သို့သော် ဂျပန်နိုင်ငံသုံး ယန်းငွေတန်ဖိုး အားနည်နေမှု၊ လုပ်ခလစာ နည်းပါးမှုနှင့် လူ့အခွင့်အရေး ပြဿနာများ အပါအဝင် ဂျပန်သည် အခက်အခဲများနှင့် ရုန်းကန်ခဲ့ရသည်။

ထို့အပြင် ဂျပန်သည် ကမ္ဘာလုံးဆိုင်ရာ ကျွမ်းကျင်လုပ်သားများကို အခြားနိုင်ငံများနှင့် အပြိုင်ခေါ်ယူနိုင်ရန်အတွက် အစိုးရသည် ထိရောက်ကောင်းမွန်သည့် အစီအစဉ်များကို ပိုမိုလုပ်ဆောင်ရမည်ဟု ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။

Source: ဘန်ကောက်ပို့စ်