CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်ကို ကျော်လွန်၍ အိမ်ရာချေးငွေ ထုတ်ချေးထားသည့် ပုဂ္ဂလိကဘဏ် များအား အရေးယူဆောင်ရွက်ရာတွင် ထိန်းထိန်းသိမ်းသိမ်းနှင့် သိမ်သိမ်မွေ့မွေ့ လုပ်ဆောင်ရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ဘဏ်ရေးရာကျွမ်းကျင်ပညာရှင်များက CNI သတင်းဌာနသို့ ပြောသည်။

ဗဟိုဘဏ်၏ သတ်မှတ်ချက်ကို ကျော်လွန်သဖြင့် ဘဏ်များအား အရေးယူခြင်းသည် မှန်ကန်သော်လည်း အရေး ယူရာတွင် အာဏာပိုင်များဘက်မှ ပါးနပ်စွာ ထိန်းသိမ်းလုပ်ဆောင်သင့်ကြောင်း၊ ထိုသို့ မဟုတ်ပါက နောက်ဆက် တွဲ ဆိုးကျိုးများဖြစ်လာနိုင်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီဥစ္စာက မှားတာတော့ မှားတာပေါ့။ မှားပေမယ့် ဒါကို အစိုးရက ကိုင်တွယ်တာက ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်မှ ရမှာပေါ့။ ဘာလို့ဆို သူပြိုလဲရင် ကျန်တဲ့ economy ပါ ပြိုလဲသွားမှာပေါ့။ မှားတာတော့ မှားတယ်။ ဒါကို မှန်တယ်လို့ မပြောဘူး။ ဒါကိုကျော်လွှားဖို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆုံးမပဲ့ပြင် educate လုပ်တဲ့ ပုံစံနဲ့ သွားမှ ရမယ်။ ဒါကြီးကို မှားပါတယ်ဆိုပြီး အတင်းသွားဖိရင်တော့ ဒါက ကျန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိတာပေါ့။ ပါးနပ်ရမှာပေါ့။ ဒီဥစ္စာကို တဖြေးဖြေးလျှော့သွားဖို့ ဘဏ်ကလုပ်ပေးဖို့ ဒါပဲရှိတာပေါ့။ တဖြေးဖြေး လျှော့၊ ချက်ချင်း ကြီးကြတော့လည်း တစ်ဖက်က customer သွားထိခိုက်မှာပေါ့။ ဒါကို ကာလတစ်ခုပေးလိုက် ဘယ်ကာလအတွင်း တော့ မင်းတို့ ပုံမှန်အနေအထား ရောက်အောင် လျှော့ပေးရမယ် ဒီလိုတော့ သွားသင့်တာပေါ့။ သင့်တော်တဲ့ ကာလတစ်ခုပေးရမှာပေါ့။ လောကကြီးမှာ တခါတလေကြရင် ချက်ချင်းလုပ်လို့မရတဲ့ ကိစ္စတွေ အများကြီးရှိ တာပေါ့” ဟု ပြောသည်။

အိမ်ယာချေးငွေကို သရုပ်ပြထားစဉ်

ထိုပုဂ္ဂလိကဘဏ်များအား အရေးယူဆောင်ရွက်ရာတွင် ၎င်းတို့ထံမှ အိမ်ရာချေးငွေ ရယူထားသူများအပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း၊ ယခုကိစ္စတွင် ထုတ်ချေးပေးသည့် ဘဏ်များကသာ အဓိကဖြေရှင်းရမှာ ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေဝန်ဆောင်မှု ပုံစံအသစ်ပေးရန်နှင့် ပြည်သူများအတွက် အိမ်ရာပိုင်ဆိုင်မှု အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန် ချေးငွေသက်တမ်း (၃) နှစ်ထက်ပိုသော အိမ်ရာချေးငွေများ ထုတ်ချေး ခြင်းကို စုစုပေါင်းဘဏ်ချေးငွေ အပေါ်မူတည်၍ ထုတ်ချေးခွင့်ပြုလျက်ရှိသည်။

အချို့သော ပုဂ္ဂလိကဘဏ်များမှာ ၎င်းတို့အကျိုးအမြတ် ပိုမိုရရှိစေရေးအတွက် ဗဟိုဘဏ်၏ ညွှန်ကြားချက်အား ကျော်လွန်ဖောက်ဖျက်ကာ အိမ်ရာချေးငွေများအား များပြားစွာ ထုတ်ချေးလျက်ရှိကြောင်း သိရှိရသဖြင့် စစ်ဆေး ရာတွင် ပုဂ္ဂလိကဘဏ် (၇)ခုအား စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါဘဏ်များသည် ဗဟိုဘဏ်က ထုတ်ပြန်ထားသော အိမ်ရာချေးငွေနှင့် ပတ်သက်သည့် သတ်မှတ်ချက် အတိုင်း သတ်မှတ်ထားသော ကာလအတွင်း ပြန်လည်ရောက်ရှိစေရေးအတွက် တာဝန်ရှိသူများမှ ကြပ်မတ် ဆောင်ရွက်သွားမည်ဟု သိရသည်။

အိမ်ခြံမြေ အရောင်းအဝယ်များ ပြုလုပ်ရာတွင်လည်း အခွန်ဆောင်ရသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အားနည်း ကြကြောင်း၊ အမည်ပေါက်လုပ်ပါက အခွန်ပေးဆောင်ရသည့်အတွက် လယ်ယာမြေများကိုသာ ဝယ်နေကြကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

အိမ်ယာချေးငွေကို သရုပ်ပြထားစဉ်

၎င်းက “လက်ရှိမှာ အ‌ရောင်းအဝယ်ကတော့ စာရွက်စာတမ်း complete ဖြစ်တဲ့လူတွေ အရောင်းအဝယ်လုပ်တဲ့ အပေါ်မှာ သိပ်မဟုတ်ဘဲနဲ့ လယ်ယာမြေတွေ ဖို့ပြီးတော့မှ ပြောမယ်ဆို လူတွေက ဈေးကွက်ချောင်တာလေးတွေ ပေါ့။ ပြောရမယ်ဆို အာမခံ၊ ပိုင်ဆိုင်မှု စာရွက်စာတမ်း လျှောက်ထားတဲ့နေရာမှာ အခက်အခဲတွေ ရှိကြတယ်။ ရှိတော့ ကတိစာချုပ်တွေနဲ့ အရောင်းအဝယ် လုပ်ကြတယ်။ လယ်ယာမြေတွေကို မြေဖို့ပြီးလုပ်ကြတယ်။ အဲဒီ အပေါ်မှာ သက်ဆိုင်ရာ ဒေသခံဌာနဆိုင်ရာတွေလည်း အဂတိလိုက်ပြီးတော့မှ လုပ်နေတဲ့အခါကြတော့ တချိန်ချိန် ကြရင်တော့ ပြဿနာကြီးတဲ့ အချိန်ရောက်ရင် ဖြေရှင်းရခက်လာမှာပေါ့။ အခုဟာက စည်းမဲ့ကမ်းမဲ့နဲ့ လုပ်နေတာ က များတယ်” ဟု ပြောသည်။

သတ်မှတ်ချက် ကျော်လွန် ထုတ်ချေးထားခြင်းကို ဗဟိုဘဏ်၏ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ ဥပဒေနှင့်အညီ ထိရောက်သော ဒဏ်ကြေးပေးဆောင်စေမည်ဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များအား စစ်ဆေး ကြီးကြပ်ကွပ်ကဲရန် အားနည်းခဲ့သည့် ဗဟိုဘဏ်မှ တာဝန်ရှိသူများကိုလည်း စိစစ်ဖော်ထုတ်အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေး သတင်းထုတ်ပြန်ထားသည်။

စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူရာတွင် သတိပေးခြင်း၊ ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကန့်သတ်ချက် အပါအဝင် အမိန့်များချမှတ်ခြင်း၊ ငွေရေးကြေး ရေး အဖွဲ့အစည်းအတွင်း တာဝန်ထမ်းဆောင်ခြင်းမှ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်း စသည်တို့ ချမှတ်နိုင်ကြောင်း ဥပဒေတွင်ပါရှိသည်။