CNI International News

ဘန်ကောက်၊ ဇူလိုင် ၂၄

ထိုင်းအစိုးရသည် နိုင်ငံအတွင်း စက်တင်ဘာလမှ ဒီဇင်ဘာလအထိ အိမ်ထောင်စုများနှင့် စီးပွားရေး လုပ်ငန်းများ အတွက် ကောက်ခံမည့် မီတာခဈေးနှုန်းဖြစ်သည့် တစ်ယူနစ်လျှင် ၄ ဒသမ ၁၈ ဘတ်ကို အပြောင်းအလဲမရှိဘဲ ဆက်လက်ကောက်ခံရန် အဆိုပြုခဲ့သော စွမ်းအင်ဝန်ကြီးဌာန၏ အဆိုပြုချက်အား အတည်ပြုခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

တစ်လလျှင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ယူနစ် ၃၀၀ အောက်သာရှိသည့် အိမ်ထောင်စုများကို တစ်ယူနစ်လျှင် ၃ ဒသမ ၉၉ ဘတ်သာ ကောက်ခံသွားမည်ဟု စွမ်းအင်ဝန်ကြီး ပီရာပန် ဆာလီရတ်သာဗီဘာဂါ (Pirapan Salirathavibhaga) က ပြောကြားခဲ့သည်။

လျှပ်စစ်မီးသုံးစွဲခြင်းကို သရုပ်ဖော်ဆောင်ထားစဉ်

ထို့ပြင် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးသည့် အနေဖြင့် အောက်တိုဘာလကုန် အထိ ဒီဇယ်တစ်လီတာကို ၃၃ ဘတ်သာ ဈေးနှုန်းသတ်မှတ်ခဲ့သည်။

ဒီဇယ်ဈေးနှုန်းများကို စီမံခန့်ခွဲရန်အတွက် ရေနံလောင်စာ ရန်ပုံငွေကို အသုံးပြုသွားမည်ဖြစ်ကြောင်း ပီရာပန်က ပြောကြားခဲ့သည်။

အစောပိုင်းက စွမ်းအင် စည်းကမ်းထိန်းသိမ်းရေးကော်မရှင်ရုံးက ကမ္ဘာလုံးဆိုင်ရာ ဈေးနှုန်းများ မြင့်တက်မှုနှင့် ဘတ်ငွေတန်ဖိုး လျော့ကျမှုတို့ကြောင့် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ မီတာခကို တစ်ယူနစ်လျှင် ၄ ဒသမ ၆၅ ဘတ်မှ ၆ ဒသမ ၀၁ ဘတ်အထိ တိုးမြှင့်မည်ဟု ကြေညာခဲ့သော်လည်း ယခုတွင် အစိုးရက ဈေးနှုန်းများကို အပြောင်းအလဲမရှိဘဲ လျှော့ချသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

Source: Thai PBS World