CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄

ရန်ကုန်မြို့သို့ အနယ်နယ်အရပ်ရပ်မှ တိုက်ပွဲရှောင်အနေဖြင့် ရွှေ့ပြောင်းလာကြသည့် ပြည်သူများ များပြားလာ သဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအသစ်များ ပေါများလာကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေ သူများက CNI သတင်းဌာနသို့ ပြောသည်။

လုပ်သားအသစ် ပေါများလာ‌သဖြင့် လုပ်ငန်းရှင်များအတွက် လုပ်သားရှားပါးမှု မဖြစ်ပေါ်သော်လည်း ထို ရွှေ့ပြောင်းလာသူ အများစုသည် ကျွမ်းကျင်လုပ်သားများ မဟုတ်ကြကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေး နေသူ မမျိုးမျိုးအေးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက "လတ်တလော စစ်ဖြစ်နေတဲ့ ဒေသကလူတွေပေါ့ အများဆုံးလာရောက်နေကြတယ်။ သူတို့ကတော့ တစ်ခါမှ ဒီအလုပ်ကို မလုပ်ဖူးတဲ့လူတွေ များတယ်။ အကုန်လုံး နယ်ကနေ ရန်ကုန်တက်လာရင် လုပ်စရာ ပေါပေါ လောလောက အထည်ချုပ်ပဲရှိတာလေ သူတို့အလုပ်ရဖို့က။ အဲဒါကြောင့် အထည်ချုပ်မှာ ပြုံတိုးနေတာ။ လုပ်သား တော့ မရှားဘူး။  ဒါပေမယ့် skill labour ရှားတယ်။ အလုပ်ရှင်တွေ အနေနဲ့ကတော့ train တာကတော့ train တယ်။ ဒါပေမယ့် အခုမှ ဝင်တဲ့လူကတော့ ဘယ်လောက်ပဲ Train Train သူကတော့ skill labour မဟုတ်ဘူးပေါ့။ skill labour ဖြစ်ဖို့ဆိုတာကလည်း Train တိုင်းလည်း ရတာမဟုတ်ဘူး။ လူတိုင်းလည်း skill labour မဖြစ်ဘူး လေ" ဟု ပြောသည်။

တိုက်ပွဲရှောင်များကို တွေ့ရစဉ်

လက်ရှိတွင် နေရပ်အသီးသီး၌ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ရန်ကုန်မြို့သို့ ရွှေ့ပြောင်း ရောက်ရှိလာသူ ပိုမို များပြားလာသည်နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်များမှာလည်း မြင့်တက်လာခြင်းဖြစ်သည်။

ရွှေ့ပြောင်းလာသူ များပြားလာသည့်အတွက် လုပ်သားအသစ်များ ပေါများလာသော်လည်း အလုပ်အကိုင် အတွေ့အကြုံ မရှိကြသူများအနေဖြင့်  အလုပ်ရှာရ ခက်ခဲစေကြောင်း သိရသည်။

၎င်းတို့သည် လက်ရှိ၌ အထည်ချုပ်စက်ရုံ၊ အလုပ်ရုံပိုင်းများတွင်သာ လုပ်သားအဖြစ် များပြားနေခြင်းဖြစ်ပြီး စားသောက်ဆိုင်လုပ်ငန်းများတွင်မူ သိပ်မရှိကြသေးကြောင်း စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သည့် ဦးနေလင်း က CNI သတင်းဌာနသို့ ပြောသည်။

စက်ရုံမှာ အလုပ်သမားများကိုတွေ့ရစဉ် 

၎င်းက "ကျနော်တို့အနေနဲ့ သိပ်တော့ မထူးသေးပါဘူး။ အရမ်းကြီးတော့ ပြောင်းလဲသွားတယ်ဆိုမျိုး မရှိသေးဘူး။ အခုလောလောဆယ် ရပ်ကွက်တွေ ရပ်ကွက်တွေမှာတော့ ရွှေ့ပြောင်းတွေ များလာတယ်။ ဒါပေမယ့် ကိုယ့်ဆိုင် တွေမှာတော့လည်း အရင် ကိုယ့်လူနဲ့ကိုယ် ရှိပြီးသားဆိုတော့ ထပ်ပြီး အသစ်တိုးလာတာတွေ မရှိကြတော့ အရမ်းကြီးတော့ မသိသာဘူး။ တစ်ဆိုင်ချင်းမှာတော့ ဘယ်လိုရှိလဲတော့ မသိဘူးပေါ့" ဟု ပြောသည်။

လက်ရှိစက်ရုံ၊ အလုပ်ရုံများ၌ ‌သတ်မှတ် အခြေခံလုပ်ခလစာအား ၄၈၀၀ အပေါ်မူတည်ကာ လုပ်ငန်းခွင်အလိုက် ၅၈၀၀ မှ ၆၈၀၀ အထိ သတ်မှတ်၍ လုပ်ခနှုန်းထားများကို ပေးနေခြင်းဖြစ်သည်။

သို့သော် ထိုနှုန်းထားနှင့် တွက်ချက်သည့်အခါတွင် အလုပ်အကိုင် အတွေ့အကြုံ မရှိသူများအနေဖြင့် လုပ်ခလစာ ရရှိမှုမှာ ပို၍ နည်းပါးကြောင်း၊ ကျွမ်းကျင်လုပ်သားများအတွက်လည်း ရရှိသည့် လုပ်ခလစာမှာ နည်းပါးသည်ဟု ယူဆသည့်အတွက် လုပ်ခလစာ တိုးမြှင့်ပေးရန် လုပ်သားများမှ တောင်းဆိုမှုများ ရှိကြောင်းလည်း သိရသည်။