CNI International News

တိုကျို ၊ ဇူလိုင် ၂၅

Honda Motor ကုမ္ပဏီ၏ အိန္ဒိယနိုင်ငံထုတ် SUV မော်တော်ယာဉ်သစ်သည် ဈေးနှုန်းသက်သာမှုကြောင့် ဂျပန် နိုင်ငံသားများက စိတ်ဝင်စားလျက်ရှိပြီး ဧပြီလနှင့်မေလတို့တွင် Honda ကုမ္ပဏီသည် နိုင်ငံ၏ ထိပ်တန်း ကားတင် သွင်းရောင်းချသူအဖြစ် ရပ်တည်ခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

Elevate မော်တော်ယာဉ်သည် သြဂုတ်လကုန်ပိုင်းတွင် အိန္ဒိယအရောင်းပြခန်းများ၌ ပထမဆုံး ပြသသွားမည် ဖြစ်ပြီး ဂျပန်တွင် WR-V အဖြစ် မတ်လက ပွဲဦးထွက်ခဲ့ခြင်းဖြစ်သည်။

ထိုမော်တော်ယာဉ်သည် အိန္ဒိယတွင် ထုတ်လုပ်ပြီး ဂျပန်၌ ရောင်းချခဲ့သည့် ပထမဆုံး Honda မော်ဒယ်ဖြစ်သည်။

ဂျပန်တွင် ထိုမော်ဒယ်ကို ရောင်းချခဲ့ပြီးနောက် Honda သည် ၂၈ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ဂျပန်နိုင်ငံ၏ ကားတင်သွင်းမှု ကုန်အမှတ်တံဆိပ်၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိခဲ့ကာ Mercedes-Benz၊ BMW၊ Volkswagen နှင့် အခြားနာမည်ကျော် ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်များကို ကျော်လွန်ခဲ့သည်။

ဂျပန်မော်တော်ယာဉ် တင်သွင်းသူများ အဖွဲ့အစည်းမှ ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ တင်သွင်းသည့် Honda ကား မှတ်ပုံတင် အရေအတွက်မှာ ဧပြီလတွင် ၃၄၇၂ အထိ ရောက်ရှိခဲ့ပြီး မေလတွင် ၄၂၀၄ အထိ ရှိခဲ့ကာ ၂၀၂၃ ခုနှစ်တွင် လစဉ်ပျမ်းမျှ ၁၇၃ ယူနစ်ထက် အဆပေါင်း ၂၀ ကျော် ပိုမိုသာလွန်ခဲ့သည်။

ဇွန်လတွင် Honda သည် တင်သွင်းမှုပေါင်း ၄၃၁၉ အထိ မြင့်တက်ခဲ့သည့်တိုင် ထိုစာရင်းဇယား၌ Mercedes-Benz နောက် ဒုတိယနေရာဖြင့်သာ အဆုံးသတ်ခဲ့သည်။

ဂျပန်ရှိ Honda ကားအရောင်းပြခန်းကိုတွေ့ရစဉ်

ပထမဆုံးလအတွင်း စုစုပေါင်း မှာယူသည့် အရေအတွက်သည် ပျမ်းမျှ ၁၃,၀၀၀ ယူနစ်ရှိသည်ဟု ကုမ္ပဏီက ဆိုသည်။ 

မမျှော်လင့်သော ရောင်းအားသည် Honda ၏ လစဉ် အရောင်း ရည်မှန်းချက်ထက် လေးဆကျော် ပိုမိုမြင့်တက် ခဲ့ပြီး Honda အနေဖြင့် မော်ဒယ်၏ အဆင့်သုံးဆင့်အနက်မှ တစ်ခုအတွက် အမှာစာများ ခေတ္တရပ်ဆိုင်းထား ရသည်။

WR-V မော်တော်ယာဉ် အောင်မြင်မှု၏ အကြောင်းအရင်းတစ်ခုမှာ ၎င်း၏ ဈေးနှုန်းကြောင့်ဖြစ်ပြီး အခွန် အပါအဝင် ဈေးနှုန်းသည် ယန်း ၂.၁ သန်းဝန်းကျင်(ဒေါ်လာ ၁၃၂၀၀) သာ ကုန်ကျမည်ဖြစ်သည်။

WR-V မော်တော်ယာဉ်နှင့် နှိုင်းယှဉ်လျှင် Honda ၏ Vezel SUV မော်တော်ယာဉ်သည် ယန်း ၂.၇ သန်းဝန်းကျင် ကုန်ကျသည်။

"Honda ရဲ့ ဆောင်ပုဒ်ကတော့ သင့်လျော်တဲ့ ဈေးနှုန်းနဲ့ ပစ္စည်းကောင်း ရရှိစေဖို့ ဖြစ်ပါတယ်"ဟု WR-V ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ခေါင်းဆောင် မူနက်ဆူဂါ ကာနဲကို(Munetsugu Kaneko)က ပြောကြားခဲ့သည်။

အိန္ဒိယတွင် Elevate ၏ ဈေးနှုန်းသည် ရူ ပီး ၁.၁၉၁ သန်း(ဒေါ်လာ ၁၄၃၀၀)ဖြင့် စတင်ရောင်းချသည်ဟု ကုမ္ပဏီ၏ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

Source: Nikkei Asia