CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈

ဗီယက်နမ်နိုင်ငံသို့ တင်ပို့မည့် မြန်မာ့သကြားများကို အခွန်ကင်းလွတ်ခွင့် ပေးထားသော်လည်း တင်ပို့သည့်အခါတွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် သကြားဖြစ်ကြောင်း Country Original အထောက်အထား ပြသနိုင်မှ သာ တင်ပို့ခွင့်ရရှိမည်ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များထံမှ သိရသည်။

ယခုလို သတ်မှတ်လိုက်ခြင်းကြောင့် ပြည်တွင်း သကြားကုန်သည်များအနေဖြင့် အခွင့်အရေးတစ်ရပ် ရရှိလာသည့် အပြင် ဈေးကွက်ယှဉ်ပြိုင်မှုနှုန်း ပိုမိုကောင်းမွန်လာမည်ဟု မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။

ဦးဝင်းဋ္ဌေးက “ကောင်းကျိုး ဆိုးကျိုးရယ် မဟုတ်ပါဘူး။ အခွင့်အရေးပါပဲ ကျနော်တို့က ဒီလိုမျိုး ဗီယက်နမ်ကို တင်ပို့နိုင်တဲ့ အခွင့်အရေးတစ်ရပ် ရတာပေါ့။ ရတဲ့အခါကျတော့ ကိုယ့်ဘက်က မှန်မှန်ကန်ကန်လုပ်ဖို့ လိုအပ် တာပေါ့။ အဲလိုမျိုး ထိုင်းသကြားတို့၊ အိန္ဒိယသကြားတို့ အိတ်လှယ်ပြီးတော့ တင်ပို့တာမျိုးတွေ မဖြစ်တော့ဘူးပေါ့။ အဲတော့ ပြည်တွင်းကုန်သည်တွေအနေနဲ့ ယှဉ်ပြိုင်မှုစွမ်းအား ပိုကောင်းလာတာပေါ့နော်” ဟု ပြောသည်။

ဗီယက်နမ်နိုင်ငံသို့ သကြားတင်ပို့ကြသည့် ရှေ့တောင်အာရှရှိ နိုင်ငံများကို အခွန်ကင်းလွတ်ခွင့်ပြုထားသော်လည်း ထိုင်းနိုင်ငံကိုမူ ၄၇ ရာခိုင်နှုန်း ကောက်ခံသည့်အတွက် ထိုင်းနိုင်ငံမှ သကြားတင်ပို့သူများက အခွန်ရှောင်လွှဲသည့် အနေဖြင့် အိမ်နီးချင်းနိုင်ငံမှတဆင့် တင်ပို့ကြသည်ဟု သကြားကုန်သည်များထံမှ သိရသည်။

ကြံများထမ်းလာသည့် အလုပ်သမားတစ်ဦး(ဓါတ်ပုံ-အီးပီအေ)

ဒါ့အပြင် မြန်မာနိုင်ငံမှ သကြားတင်ပို့သူများသည်လည်း သကြားဈေး ကောင်းမွန်လျှင် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ သကြားများကိုယူ၍ မြန်မာနိုင်ငံသကြားအနေဖြင့် တင်ပို့ကြခဲ့ကြခြင်း ကြောင့် ယခုလို အထောက်အထားများကို ဗီယက်နမ်နိုင်ငံမှ တောင်းခံလာခြင်း ဖြစ်သည်ဟု ဦးဝင်းဋ္ဌေးက ဆက်ပြောသည်။

“အဲဒါက အရင်နှစ်က ပြဿနာလေးတစ်ခု ရှိသွားတာက ကျနော်တို့နိုင်ငံက ကုမ္ပဏီတစ်ခုက ထိုင်းက သကြားကို တင်ပို့လိုက်တော့ ဟိုမှာ ပြဿနာ တက်သွားပြီ။ Country Original သူတို့ စိုက်ပျိုးထုတ်လုပ်တဲ့ တင်ပို့တဲ့ကုမ္ပဏီ တွေက အထောက်အထားတွေ တင်ပြနိုင်တဲ့ ကုမ္ပဏီကိုပဲ သူတို့က လက်ခံတော့မယ်ဆိုပြီး ဖြစ်သွားတာ စည်းကမ်းချက်က” ဟု CNI သတင်းဌာနသို့ ပြောသည်။

သကြားတင်ပို့မှုကို ယခုလို စည်းမျဉ်းကန့်သတ်ချက် သတ်မှတ်လိုက်ခြင်းကြောင့် ပြည်တွင်းရှိ ကြံစိုက်တောင်သူ များနှင့် သကြားစက်ရုံများအတွက် အကျိုးရှိကြောင်းနှင့် စိုက်ပျိုးမှုနှုန်းများလည်း တိုးလာနိုင်သည်ဟု စစ်ကိုင်း တိုင်းဒေသကြီးမှ ကြံစိုက်တောင်သူ ဦးမောင်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

“အဲဒါက တောင်သူတွေအတွက်လည်း ကောင်းတယ်။ စက်ရုံတွေအတွက်လည်း ကောင်းတယ်။ အမှန်တကယ် မြန်မာပြည်ကနေ တောင်သူတွေစိုက်တဲ့ ကြံတွေ ၊ မြန်မာပြည် စက်ရုံကထွက်တဲ့ သကြားတွေ နိုင်ငံခြားမှာ ပို့ရရင် ကောင်းတာပေါ့။ ဘာလို့ဆို အကုန်လုံးကလည်း အပြိုင်အဆိုင် စိုက်ပျိုးလာကြမှာလေ” ဟု ပြောသည်။

လက်ရှိ ဗီယက်နမ်နိုင်ငံသို့ သကြားတင်ပို့နေသည့် ပြည်တွင်းကုမ္ပဏီ ၃ ခုမှတဆင့် သကြားတန်ချိန် ၄ သောင်း ဝန်းကျင် တင်ပို့ထားပြီး ပြီးခဲ့သည့်နှစ်တွင် သကြားတန်ချိန် ၁ သိန်းခန့် တင်ပို့ထားနိုင်ခဲ့ခြင်းကြောင့် ထက်ဝက်ခန့် လျော့နည်းလျက်ရှိသည်ဟု သိရသည်။