CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇

မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်းနှင့်အတူ ကျပ်ငွေကိုင်ဆောင်မှု နည်းပါးလာခြင်းကြောင့် မြန်မာကျပ်ငွေများ မည်သည့် နေရာများသို့ စီးဆင်းဝင်ရောက်၍နေသနည်း မေးခွန်းထုတ်လာကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီးပွားရေး ကျဆင်းခြင်းနှင့် နိုင်ငံခြားငွေ တန်ဖိုးမြင့်တက် လာနေခြင်းကြောင့် မြန်မာကျပ်ငွေမှာ တန်ဖိုးကျဆင်းကာ ငွေကြေးဖောင်းပွမှုဖြစ်ပေါ်နေသည်။

ထို့နောက် လူထု သည် မြန်မာကျပ်ငွေ ကိုင်ဆောင်ထားမှု မပြုလုပ်တော့ဘဲ ရွှေနှင့် ဒေါ်လာများ ဝယ်ယူလာ ကြောင်း၊ မှောင်ခိုဈေးကွက် များတွင် အသုံးပြုလာကြကြောင်း၊ အိမ်ခြံမြေများ ဝယ်ယူလာကြောင်း၊ သိရသည်။

မြန်မာကျပ်ငွေများ အိမ်ခြံမြေဈေးကွက်တွင် ရောက်ရှိလာပါက ရေရှည်အတွက် ကောင်းမွန်မှု မရှိကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

 အကယ်ဒမီ ရွှေတုံးများကိုတွေ့ရစဉ်

ဦးဌေးအောင်ကြည်က “မြန်မာကျပ်ငွေ ဘယ်ရောက်နေလဲဆိုရင် နည်းနည်း များများရှိတဲ့လူက ဒေါ်လာဘက်ကို လှည့်မယ်။ တရားဝင် လှည့်လို့မရရင် မှောင်ခိုဈေးကွက် လှည့်မယ်။ သို့မဟုတ် ဒေါ်လာနဲ့ ပတ်သက်ပြီး အရေးယူ ခံရမှာ ပူပန်တဲ့သူတွေက ရွှေဘက်ကို လှည့်သွားတာ။ အဲတော့ ဒီကျပ်ငွေက ဘယ်ရောက်လဲဆိုလို့ရှိရင် ဒေါ်လာ တွေ၊ ရွှေတွေဘက်ကို ရောက်သွားတာ။ ဒုတိယတစ်ချက်က အဲနှစ်ခု မလုပ်တဲ့လူက အိမ်ခြံမြေဘက်ကို လှည့်တာ ပေါ့။ အိမ်ခြံမြေဘက်ကို လှည့်တယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးကို ရေရှည်တွေးလို့ရှိရင် အားလုံးအတွက် အန္တရာယ်ရှိတာပေါ့။ ၁၉၉၇ တောင်ကိုရီးယားမှာ ဖြစ်တဲ့၊ ဘန်ကောက်မှာ ဖြစ်တဲ့၊ မလေးရှားမှာ ဖြစ်တဲ့၊ အင်ဒိုမှာ ဖြစ်တဲ့ ဆပ်ပြာပူဖောင်းရင်းနှီးမြှုပ်နှံမှု ဒီဘက်ကို ဒီလိုပြဿနာမျိုး ထပ်ဆင့်ပွား ပေါ်လာနိုင်စရာအကြောင်း ရှိတာ ပေါ့။ ဒါကြီးက ရေရှည်အတွက် အိမ်ခြံမြေဘက် လှည့်တယ်ဆိုတဲ့ ကိစ္စက ယေဘုယျအားဖြင့် မကောင်းဘူးပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ်ခြင်းကြောင့် ပြည်သူလူထုသည် ဘဏ်ထဲမှာ အပ်နှံထားသော ငွေများကို ပြန်လည် ထုတ်ယူ၍ ဒေါ်လာ၊ ရွှေ၊ အိမ်ခြံမြေ တို့ကို ဝယ်ယူ၍ ကျပ်ငွေ ကိုင်ဆောင်ခြင်းမှ ဖြစ်ပေါ်လာနိုင်သော စိုးရိမ်မှုများကို ရှောင်ရှားလာခဲ့ကြသည်။

အပ်ငွေများကို ဘဏ်တစ်ခုအတွင်းမှာ တွေ့ရစဉ်


ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် ပြည်တွင်း ရွှေဈေးကွက်၌ ရွှေလာရောက် ဝယ်ယူမှု များပြားခဲ့ပြီး ရွှေဈေးနှုန်း သည် ၂၈ သိန်း ဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းနေမှုကြောင့် ရွှေများကို ဝယ်ယူစုဆောင်းမှု လုပ်ဆောင်လာကြသည့်အတွက် မြန်မာကျပ်ငွေများသည် ရွှေဆိုင်များနှင့် တချို့သော ရွှေကုန်သည်များ လက်ထဲသို့ ရောက်ရှိနေမှုများလည်း ရှိသည်ဟု ရွှေဈေးကွက် လေ့လာသူများက ပြောသည်။

ရွှေဝယ်ယူသူ အများစုသည် ၁၀ ကျပ်သားမှ စတင်၍ ပိဿာနှင့် ချီကာ ဝယ်ယူကြခြင်းကြောင့် မြန်မာကျပ်ငွေများ သည် ရွှေလုပ်ငန်းတွင် မြောက်များစွာ ရောက်ရှိနေကြောင်း ခန့်မှန်းနေကြသည်။

ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေလင်းခန့်က “မြန်မာငွေ လည်ပတ်မှုကတော့ ငွေကြေး အသုံးပြုနေတဲ့ ဘဏ် Transfer နဲ့ မသွားဘဲနဲ့ ငွေထိ သွားတဲ့ဟာတွေမှာတော့ လည်ပတ်တယ်။ နောက်တစ်ခုက ရွှေဆိုင်တွေမှာ ရောက်နေမှာပေါ့ ရွှေဆိုင်တွေ၊ ကုန် သည်တွေ လက်ထဲမှာ ရွှေကုန်သည်တွေ လက်ထဲမှာ အဓိက များများ ရောက် နေမှာပဲ။ ကျပ်ငွေကတော့ ဆိုပါဆို့ သူတို့ဆိုင်မှာ ရွှေရှားသွားတာဖြစ်ဖြစ်၊ ဈေးကွက်ထဲမှာ ရွှေရှားတဲ့ အချိန်မျိုးမှာမှ ရွှေတွင်းတွေကလည်း မိုးရာသီဆို ရွှေသိပ် မထွက်တော့ဘူးလေ။ အဲလို အနေအထားမျိုး၊ ဆိုင်မှာ ‌ရွှေနည်းတာမျိုး၊ အဲလိုမျိုး ဈေးကွက်ထဲမှာ နည်း နည်း ရွှေအဝယ်တွေ များလာပြီဆိုရင် အဝယ်တွေ အရမ်းများလာတဲ့ အခါမျိုး အချက် ၃ ချက်လောက် ကိုက်တယ် ဆိုရင် သူတို့ ပြန်ထုတ်ရင်တော့ ဈေးပြန်ကျမှာပေါ့။ ပြန်ထုတ်မှာပဲ သူတို့ ဘက်ကတော့” ဟု CNI သတင်းဌာနသို့ ပြောသည်။

အမေရိကန် ဒေါ်လာများကိုတွေ့ရစဉ် 

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်နေပေါ်နေသည့် ငွေကြေးဖောင်းပွမှု၊ မြန်မာကျပ်ငွေ စီးဆင်းမှု အခြေအနေများ ပြန် လည် ကောင်းမွန်လာစေရန်အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အခြေအနေ‌ ကောင်းအောင် လုပ် ဆောင်ရန် လိုအပ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိကက စီးပွားရေး ပတ်ဝန်းကျင် ပြန်ကောင်းအောင် လုပ်မှ ရမှာပေါ့။ စီးပွားရေး ပတ်ဝန်းကျင်ဆိုတာ စီးပွားရေး ပုံမှန်လည်ပတ်နေတဲ့ အခက်အခဲ မရှိဘဲနဲ့ ပုံမှန်လည်ပတ်နေတဲ့ ရောင်းနေ ဝယ်နေတဲ့ နောက်တစ်ခါ စီးပွားရေးမှာ တစ်ခုရှိတာက ကုန်သွယ်မှု ရှိတာပေါ့၊ ရင်းနှီးမြှုပ်နှံမှု ရှိတာပေါ့။ ဒီလုပ်ငန်းတွေအားလုံး အဆင်ပြေ ပြေ ယုံကြည်မှု ရှိရှိနဲ့ ပြန်ပြီး ကောင်းမွန်တဲ့ အခြေအနေ ရောက်အောင် ဖန်တီးနိုင်ရင်တော့ ဒါက ထပ်ဖြစ်တဲ့ ပြဿနာမျိုး အခြေအနေက လျော့သွားပြီးတော့ ပြန်ကောင်းလာနိုင်ကြောင်း ရှိတာပေါ့။ တစ်ခုရှိတာက ဒါကြီးကို ပြန်ကောင်းဖို့ နံပါတ် ၁ တစ်ချက်က စီးပွားရေး ပတ်ဝန်းကျင် business environment ကို ပြောတာပေါ့။ လုပ်ငန်း စီးပွားရေး ပတ်ဝန်းကျင်၊ နံပါတ် ၂ အချက်က Political and legal environment နိုင်ငံရေးနဲ့ ဥပဒေရေးရာ ပတ် ဝန်းကျင်က ကောင်းရမှာပေါ့။ အားလုံးပေါင်းတော့ ၆ ချက်လောက် ရှိမှာပေါ့။ နောက်တစ်ချက်က အရေးကြီးတာ က ဘာလဲဆိုတော့ Economic environment ပေါ့။ Economic environment ဆိုလို့ရှိရင် နံပါတ် ၁ က ငွေဖောင်း ပွမှုနှုန်း၊ နံပါတ် ၂ အချက်က ငွေလဲလှယ်မှုနှုန်း၊ နံပါတ် ၃ အချက်က အတိုးနှုန်း၊ ဒီ ၃ ခုရဲ့ ဆက်စပ် လည်ပတ်မှုက ဒီတိုင်းပြည်နဲ့ သင့်လျော်အပ်စပ်တဲ့ စနစ်တကျဖြစ်အောင် ဖြစ်လာဖို့ လိုအပ်တာပေါ့” ဟု ပြောသည်။

ထို့အပြင် မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းနေမှုကြောင့် စီးပွားရေးအပေါ် သက်ရောက်နေမှုများကို ကုစားရန် အတွက် ဘဏ်များအပေါ် ထားရှိသည့် လူထု၏ ယုံကြည်မှုသည်လည်း အရေးကြီးကြောင်း၊ ဘဏ်များကလည်း ငွေသွင်း‌ငွေထုတ် လွယ်ကူအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။