CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈

တိုက်ပွဲဖြစ်ပွားပြီး နယ်မြေတည်ငြိမ်မှု မရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အစိုးရစာသင်ကျောင်းများ ဖွင့်လှစ်နိုင်မှုသည် ပြီးခဲ့သည့်နှစ်ထက် များစွာလျော့ကျလျက် ရှိသည်ဟုသိရသည်။

ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် စာသင်ကျောင်း ဖွင့်လှစ်နိုင်မှုသည် လျော့ကျလျက်ရှိနေသည်။

ထို့နောက် ချင်းပြည်နယ်ရှိ တချို့သော မြို့နယ်များတွင် မြို့နယ်တစ်ခုလုံးအတွင်းရှိ စာသင်ကျောင်းများအားလုံး ပိတ်ထားရသည်။

ချင်းပြည်နယ်အတွင်းတွင် ပြီးခဲ့သည့်နှစ်၌ စာသင်ကျောင်းပေါင်း ၅၇၀ ကျော် ဖွင့်လှစ်နိုင်ခဲ့သော်လည်း ယခုနှစ်၌  စာသင်ကျောင်းပေါင်း ၆၉ ကျောင်းသာ ဖွင့်လှစ်ထားနိုင်သည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ကျောင်းအပ်ရန် လာရောက်သော ကလေးငယ်ကိုတွေ့ရစဉ်

၎င်းက “ပလက်ဝတော့ မဖွင့်ဘူး။ ထန်တလန် မဖွင့်ဘူး။ ကန်ပလက် မဖွင့်ဘူး။ တွန်းဇံ မဖွင့်ဘူး။ တီးတိန်က တချို့ ၅ ကျောင်းတော့ ဖွင့်တယ်။ နောက် ဟားခါးတော့ ဖွင့်တာပေါ့ ၆ ကျောင်း။ ဖလမ်းက ၁၂ ကျောင်း ဖွင့်တယ်။ မတူပီက မရမ်နယ်ထဲမှာ ၁၂ ကျောင်းလောက် ဖွင့်တယ်။ မင်းတပ်ကတော့ ၄ ကျောင်းပေါ့ ခါတိုင်းလို ဖွင့်တယ်။ ပြီးခဲ့တဲ့နှစ်က ၅၇၁ ကျောင်း၊ ဒီနှစ်က အခုချိန်ထိ ၆၉ ကျောင်းပဲ ဖွင့်တယ်။ ကျောင်းသားလည်း ဒီအတိုင်းပဲပေါ့၊ ကျောင်းသားက ၁ သောင်းကျော်ကျော်ပဲ ရှိသေးတာ။ မနှစ်က ၅ သောင်းကျော်တယ်” ဟု ပြောသည်။

ထို့နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ များဖြစ်သော ကွတ်ခိုင်၊ လောက်ကိုင်၊ သိန္နီနှင့် ကွမ်းလုံမြို့နယ်တွင်လည်း အစိုးရကျောင်း ဖွင့်လှစ်ထားနိုင်မှု မရှိကြောင်း၊ ကျောင်းဆရာ/ဆရာမများကိုလည်း တခြားနယ်များသို့ ပြောင်းရွှေ့ခွင့် ပေးထားကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပညာရေးမှူးတစ်ဦးက “ဒီနှစ်က နိုင်ငံတော်အဆင့်ကတော့ မဖွင့်တော့ဘူးပေါ့။ သူတို့ တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ ဖွင့်မှာပေါ့။ ရှမ်းမြောက်ဆိုတာက ကျနော်တို့ ကွတ်ခိုင်တို့၊ လောက်ကိုင် တို့၊ သိန္နီ၊ ကွမ်းလုံ သူတို့ ထိန်းချုပ်တဲ့ နယ်မြေတွေကျတော့ မဖွင့်သေးဘူးပေါ့ အစိုးရကတော့။ သူတို့ကတော့ ဖွင့်တယ်လို့ ကြားတာပဲ။ အစိုးရကျောင်းမှာပဲ သူတို့ဖွင့်တာလားတော့ ကျနော်လည်း မသိဘူး။ ဆရာ၊ ဆရာမတွေ အားလုံး ပြောင်းလိုက်ပြီလေ အခုက။ အပြောင်းအရွှေ့တွေ။”ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် စာသင်ကျောင်းများ၊ ကျောင်းဆရာ/ဆရာမများ တိုက်ခိုက်ခံရသည့် ဖြစ်ရပ်များလည်း ဖြစ်ပေါ်နေသည့် အတွက် တချို့သော မြို့နယ်များတွင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း သိရသည်။

ကျောင်းအပ်နှံနေကြစဉ်

အခြေခံပညာစာသင်ကျောင်းပေါင်း ၃၀၀၀ ကျော်၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၀၀ ခန့်နှင့် ကိုယ်ပိုင် အထက်တန်းကျောင်း ၅ဝ ကျော်ရှိသည့် ရခိုင်ပြည်နယ်တွင်လည်း ကျောင်းသားများက ကျောင်းတက်ချင်ကြသော် လည်း မလုံခြုံမှုများကြောင့် ကျောင်းတက်နိုင်ခြင်းမရှိကြောင်း ရခိုင်ပညာရေးလှုပ်ရှားသူ ဦးတင်မောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရခိုင်မှာ ကျောင်းအခြေအနေက လက်ရှိမှာတော့ ကလေးတွေ ကျောင်းမတက်ရဘူးပေါ့။ grade 12 ကျောင်းသားတွေကလည်း အခုထိ စာမေးပွဲ မတက်ရသေးဘူး။ ရခိုင်ကျောင်းသားတွေရဲ့ ကျောင်းသားဦးရေ  ၁၀,၀၀၀ လောက်က စာမေးပွဲ မတက်ရဘူးပေါ့၊ ကျန်တဲ့ ၈၀၀၀ ကတော့ အစိုးရကစစ်တဲ့ စာမေးပွဲကို သူတို့ ဖြေလိုက်ရတာပေါ့လေ။ ဆိုတော့ အဲဒီဟာ တစ်ပိုင်းရှိတယ်။ နောက်တစ်ပိုင်းက အခု grade 12 တက်မယ့် ကလေးတွေရော၊ မူလတန်းကလေးတွေ အကုန်လုံး ကျောင်းမတက်ရသေးဘူးပေါ့။ ကျောင်းတက်ဖို့ကလည်း မသေချာတဲ့ အခြေအနေပေါ့။ ကျောင်းက ဖွင့်လို့ကို မရဘူး။ ကလေးတွေက ကျောင်းတက်ချင်နေကြတယ်။ ပြီးလို့ရှိရင် ဆရာ/ဆရာမတွေ အကုန်လုံး ရှိနေတယ်။ ကလေးတွေလည်း ကျောင်းတက်ချင်နေကြတယ်။ ဒါပေမယ့် ကျောင်းဖွင့်လို့ကို မရတဲ့အခြေအနေမျိုး ဖြစ်နေတယ်။ အဓိကကတော့ လေကြောင်းရန်ကို စိုးရိမ်ကြ တာပေါ့လေ” ဟု ပြောသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ကျေးလက်ဒေသများ၌ အခြေခံပညာ အလယ်တန်းကျောင်း ၁၃,၈၇၉ ကျောင်း၊ မူလတန်းကျောင်း ၂၁,၅၅၀ ကျောင်းရှိပြီး မြို့ပြဒေသတွင် အခြေခံပညာအလယ်တန်းကျောင်း ၁၆၂၆ ကျောင်း၊ မူလတန်းကျောင်း ၃၃၁၈ ကျောင်းရှိသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ မေလ ၂၃ ရက်မှ ၃၀ ရက် အထိ ကျောင်းအပ်နှံသူ ၅ ဒသမ ၉ သန်းကျော်ရှိကြောင်း အခြေခံပညာဦးစီးဌာနက ထုတ်ပြန်သည်။