CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၁

အက်စတွန်ဗီလာအသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက် နည်းပြဖြစ်သူ စတီဗင်ဂျရတ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၁ ပွဲကစားအပြီးမှာ နိုင်ပွဲ ၂ ပွဲသာ ရရှိထားပြီး တန်းဆင်း ဇုန်အထက် အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာပါ။အဲဒါကြောင့် ဖူလ်ဟမ်အသင်းနဲ့ ပွဲအပြီးမှာ စတီဗင်ဂျရတ်ကို နည်းပြရာထူးကနေထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ကလပ်အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက “သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကတိကဝတ်တွေအတွက် ကျနော်တို့ စတီဗင်ကို ကျေးဇူးတင်ပါတယ်။အနာဂတ်မှာ အောင်မြင်မှုရပါစေလို့ ဆန္ဒပြုကြောင်း” ပြောခဲ့တာပါ။

လီဗာပူးလ်ဂန္တဝင်ကစားသမားဟာ ရိန်းဂျားစ်အသင်းက ထွက်ခွာပြီး ၂၀၂၁ နိုဝင်ဘာလကမှ အက်စတွန်ဗီလာ အသင်းနည်းပြရာထူးကို ရယူခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဂျရတ်ဟာ အက်စတွန်ဗီလာအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၁ လအတွင်း ပွဲပေါင်း ၄၀ ကိုင်တွယ်ခဲ့တာမှာ နိုင်ပွဲ ၁၃ ပွဲသာ ရယူပေးနိုင်ခဲ့တာပါ။ဒီထဲမှာ သရေရလဒ်က ၈ ပွဲနဲ့ ရှုံးပွဲက ၁၉ ပွဲအထိ ရှိခဲ့တာဖြစ်ပါတယ်။

ဖူလ်ဟမ်အသင်းကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ ဂျရတ်က “မတည်ငြိမ်မှုတွေက ကျနော်တို့ကို နစ်နာစေခဲ့တာပါ။ဒါက ကျနော်တို့ ကိုယ်တိုင်တွေ့ကြုံနေရတဲ့ အနေအထားဖြစ်ပါတယ်။ကျနော် ဒီအသင်းကို စတင်ကိုင်တွယ်တာနဲ့ အခြေအနေက အလွန်တူညီနေပါတယ်။ကျနော်တိုက်ပွဲဝင်သွားမှာပါ။ဒါက ကျနော့်ရဲ့ DNA ထဲမှာ ပါဝင်ပါတယ်” လို့ BBC Match of the Day မှာ ပြောခဲ့တာပါ။ဒါပေမယ့် နာရီပိုင်းအကြာမှာ ဂျရတ်ဟာ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အက်စတွန်ဗီလာအသင်းနည်းပြသစ်ဖြစ်လာဖို့ စပါးနဲ့ ပီအက်စ်ဂျီအသင်းနည်းပြဟောင်း ပိုချက်တီနိုက ရေပန်းစားနေတာပါ။ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ပီအက်စ်ဂျီကနေ ထုတ်ပယ်ခံရပြီး ကတည်းက အသင်းလက်မဲ့ဖြစ်နေတာဖြစ်ပြီး ဘန်လေအသင်းနည်းပြဟောင်း ရှောင်ဒိုက်လည်း နည်းပြသစ် ဖြစ်လာမယ့် စာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့မှာ ဘရန်ဖိုဒ့်အသင်းနဲ့ အိမ်ကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:BBC