CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇

ဂျူဗင်တပ်စ်အသင်းဟာ သမိုင်းတလျှောက် အပြင်းထန်ဆုံး စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရပြီး တန်းဆင်းသွား နိုင်တယ်လို့ အီတလီရှေ့နေတစ်ဦးက ပြောပါတယ်။

အီတလီရှေ့နေ ဂရက်စ်ဆာနီက “ ဒါက ဂျူဗင်တပ်စ်သမိုင်းမှာ အပြင်းထန်ဆုံး စုံစမ်းစစ်ဆေးမှုလို့ ထင်ပါတယ်။ ၂၀၀၆ က ကယ်လ်ဆီယိုပိုလီ ထက်တောင်ပိုပြီး ပြင်းထန်ပါတယ်။ စည်းမျဉ်းတွေအရ စာရွက်စာတမ်းတွေကို ပြောင်းလဲခဲ့တယ်ဆိုရင် ကြီးမားတဲ့ ပြစ်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။ ရိုးရိုး ပြစ်ဒဏ်ထက် ကြီးမားတဲ့ အကျိုးဆက် တွေလည်း ဖြစ်လာနိုင်ပါတယ်။ သူတို့ဟာ စီးရီးအေကနေ တန်းဆင်းသွားနိုင်ပြီး စကူဒတ်တိုကိုလည်း ဆုံးရှုံးနိုင်ပါ တယ်”လို့ ရေဒီယို Rai1 ကို ပြောခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းဟာ အီတလီဘောလုံးလောကကို အချိန်အကြာကြီး လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ ရာသီ ဆက်တိုက် အမှတ်ပေးဖလားကို ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် ဂျူဗင်တပ်စ်အသင်းဟာ မကြာသေးခင်ကမှ ဥက္ကဋ္ဌ အက်ဂ်နယ်လီ၊ ဒုဥက္ကဋ္ဌ နတ်ဗတ်တို့ အပါအဝင် ဘုတ်အဖွဲ့ဝင်တွေ အားလုံး ရာထူးကနေ ထွက်ခွာခဲ့တာကြောင့် အီတလီကလပ်ရဲ့ ကွင်းပြင်ပ အရာတွေက ပိုပြီး လေးနက်လာခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်း အနေနဲ့ ကိုဗစ်ကာလ အတွင်းက ဘဏ္ဍာရေး အခြေအနေတွေကြောင့် စုံစမ်းစစ်ဆေးမှုတွေကို ခံနေရတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းနဲ့ အားကစားဒါရိုက်တာများကိုတွေ့ရစဉ် (Sports)

သူတို့တွေဟာ ၃ လစာ လုပ်ခလစာ လျှော့ချမယ်လို့ တရားဝင် ကြေညာခဲ့ပေမယ့် ကစားသမားတွေနဲ့ နည်းပြ ဆာရီတို့ကို လျှို့ဝှက်စာချုပ် ချုပ်ဆိုခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရတာပါ။ ဂျူဗင်တပ်စ်အသင်းဟာ ၂၀၀၆ က ကယ်လ်ဆီယိုပိုလီ အရှုပ်တော်ပုံကြောင့် တန်းဆင်းခံရတဲ့ အဖြစ်အပျက် ရှိခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ကိုဗစ်ကာလ ၂၀၁၉-၂၀ ရာသီက အမှတ်ပေး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပေမယ့် ၂၀၀၆ တုန်းကလို အဖြစ်အပျက် ဖြစ်ခဲ့မယ်ဆိုရင် ဆုဖလားကို ပြန်လည် ရုပ်သိမ်းခံရနိုင်ပါတယ်။

အီတလီကလပ်ဟာ ဒီအရှုပ်တော်ပုံကြောင့် ၂၀၀၄-၀၅ နဲ့ ၂၀၀၅-၀၆ ရာသီတွေမှာ ဆုဖလားရုပ်သိမ်း ခံခဲ့ရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အမှတ်လျှော့ ပြစ်ဒဏ်နဲ့ စီးရီးဘီကို တန်းဆင်းခဲ့ရပေမယ့် ချန်ပီယံဆု ရယူကာ ၁ နှစ် အကြာမှာ စီးရီးအေကို တန်းပြန်တက် နိုင်ခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ရပ်နားထားတဲ့ အခုနှစ်ရာသီ စီးရီးအေ ပြိုင်ပွဲမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ ထိပ်ဆုံး နေရာက နာပိုလီအသင်းနဲ့ ၁၀ မှတ်အကွာ အမှတ်ပေး ဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Sportbible