CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အိုက်စလန်အသင်းနဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ မစတင်ခင် ဂင်းနစ်ကမ္ဘာ့စံချိန်တင် ဂုဏ်ပြုမှတ်တမ်းကို လက်ခံရရှိခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အိုက်စလန်အသင်းနဲ့ ပွဲမှာ လက်ရွေးစင်ကစားသမားဘဝ ပွဲပေါင်း ၂၀၀ ပြည့်ခဲ့တာဖြစ်ပြီး နိုင်ငံတကာပွဲအများဆုံး အမျိုးသားကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။ အဲဒါကြောင့်လည်း ဂင်းနစ် စံချိန်ပြုစုရေးအဖွဲ့အစည်းက ရော်နယ်ဒိုကို ဂုဏ်ပြုမှတ်တမ်းပေးခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင် ဟာ ၂၀၀၃ သြဂုတ်လက ကာဇက်စတန်နဲ့ ကစားခဲ့တဲ့ပွဲမှာ လက်ရွေးစင်ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တာပါ။

ဒီပွဲမှာ ပေါ်တူဂီအသင်းဟာ အိုက်စလန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက ပွဲချိန် ၈၉ မိနစ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အစောပိုင်းက လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ VAR က သွင်းဂိုးကို ခွင့်ပြုပေးခဲ့လို့ ရော်နယ်ဒိုဟာ သူ့ရဲ့ အမှတ်တရပွဲမှာ ပေါ်တူဂီအတွက် အနိုင်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့တာပါ။ ရော်နယ်ဒိုဟာ ဒီဂိုးကြောင့် နိုင်ငံတကာသွင်းဂိုး ၁၂၃ ဂိုးနဲ့ သူ့ရဲ့စံချိန်ကို ဆက်ပြီးထပ်တိုးနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုက “ကျနော့်အတွက်တော့ ဒါဟာ မယုံနိုင်စရာအောင်မြင်မှုတစ်ခုပါပဲ။ ဒါဟာ အံ့သြစရာ ကောင်းပါ တယ်။ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာက ပိုပြီးတော့တောင် ထူးခြားပါတယ်။ ကျနော်တို့ ကောင်းမွန်စွာ မကစားနိုင် ခဲ့ပေမယ့် တစ်ခါတစ်ရံမှာ ဘောလုံးက ဒီလိုပါပဲ။ ဒါပေမယ့် ကျနော်တို့ ဂိုးသွင်းနိုင်ခဲ့ပြီး ကျနော့်အမြင်မှာတော့ ဒါက ကျနော်တို့နဲ့ ထိုက်တန်ပါတယ်။ ပွဲပေါင်း ၂၀၀ ပြည့်ခဲ့လို့လည်း အလွန်ပျော်ရွှင်ပါတယ်” လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းကို ယူရို ၂၀၁၆ ၊ ၂၀၁၉ နေးရှင်းလိဂ်ဖလားတို့ကို ရယူနိုင် အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီလက်ရွေးစင် အသင်းအတွက် ၄ ပွဲပါဝင်ကစားအပြီးမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ 

ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၄ ပွဲ ကစားအပြီးမှာ ၄ ပွဲစလုံးအနိုင်ရကာ ရမှတ် ၁၂ မှတ်နဲ့ အုပ်စုတွင်း ကို ဦးဆောင်နေတာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ လာမယ့် စက်တင်ဘာလမှာ ဆလိုဗားကီးယား၊ လူဇင်ဘတ် တို့နဲ့ ခြေစစ်ပွဲ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:BBC