CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃

ဘရာဇီးလ်ကလပ် ဂရီမီယိုအသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဒူးဒဏ်ရာခံစားနေရတာကြောင့် ကစားသမားဘဝကနေ အနားယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ဆွာရက်ဇ်ဟာ အခုနှစ်အစပိုင်းကမှ ဂရီမီယိုအသင်းထံ ၂ နှစ်စာချုပ်နဲ့ ရောက်ရှိ လာခဲ့တာ ပါ။ ဒါပေမယ့် ဆွာရက်ဇ်ဟာ ညာဘက်ဒူးအရိုးအဆစ်ရောင်နေပြီး နာကျင်မှုတွေရှိနေပေမယ့် အသင်းအတွက် ပါဝင်ကစားပေးနေတာဖြစ်ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ ကလပ်အသင်းဆေးအဖွဲ့ရဲ့ကုသမှုတွေကို ခံယူနေ ရပြီး သူ့ရဲ့ဒဏ်ရာအခြေအနေကို ကာကွယ်တဲ့အနေနဲ့ ပယ်လ်မီးရတ်စ်နဲ့ ကစားခဲ့တဲ့ အမှတ်ပေးလိဂ်ပွဲမှာ အသင်း ရဲ့ အနားပေးခြင်းကို ခံခဲ့ရတာပါ။
ဂရီမီယိုအသင်း ဥက္ကဋ္ဌ အယ်လ်ဘာတိုက “ဆွာရက်ဇ်ဟာ သူ့ရဲ့ကန့်သတ်ချက်တွေကို ကျော်လွန်နေပြီဖြစ်ပြီး ကစားနိုင်ဖို့အတွက် နေ့တိုင်းနီးပါး ထိုးဆေးတွေ၊အထူးကုသမှုတွေ ခံယူခဲ့ရပါတယ်။ အဲဒါကြောင့် သူဟာ အဆက်မပြတ် နာကျင်မှုတွေကို ခံစားခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဆွာရက်ဇ်ရဲ့ အခြေအနေဟာ ပိုမိုဆိုးရွားလာတာကြောင့် ကစားသမားဟာ ဘုတ်အဖွဲ့နဲ့ ဆွေးနွေးမှုတွေကို စတင်ပြီးပြုလုပ်နေပြီဖြစ်ပါတယ်။ ဘာစီလိုနာကစားသမားဟောင်းဟာ သူအနားယူဖို့ စီစဉ် ထားတာထက် ပိုပြီးစောစောအနားယူဖို့ စဉ်းစားထားတယ်လို့လည်း ဝန်ခံထားတာပါ။ ဆွာရက်ဇ်နဲ့ ဂရီမီယိုတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာဖြစ်လို့ ကစားသမားဟာ သူ့ရဲ့အနာဂတ်အတွက် ကလပ်အသင်းနဲ့ ကစားသမားအကြား နောက်ထပ်ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

ဆွာရက်ဇ်ဟာ အစောပိုင်းက မက်ဆီပြောင်းရွှေ့ခဲ့တဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ နိုင်တယ်လို့ သတင်းတွေထွက်ခဲ့တာပါ။ ဒါပေမယ့် ဘရာဇီးလ်ကလပ်က ဆွာရက်ဇ် ဒဏ်ရာကြောင့် အသင်းက ထွက်ခွာခဲ့မယ်ဆိုရင်လည်း လပေါင်း ၃၀ အတွင်းမှာ အခြားတစ်သင်းထံ ပြောင်းရွှေ့လို့မရအောင် ပြုလုပ်ထားတဲ့ အချက်ကို စာချုပ်ထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဆွာရက်ဇ်ဟာ ဒီရာသီမှာ ဘရာဇီးလ်ကလပ် ဂရီမီယိုအသင်းအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲ ပါဝင်ကစားအပြီးမှာ ၁၅ ဂိုး သွင်းယူထားပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ 

Source:Goal