CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃

အင်တာမိုင်ယာမီ အသင်းတိုက်စစ်မှူး မက်ဆီက ဘတ်ပီအနေနဲ့ ရီးရယ်လ် ဒါမှမဟုတ် ဘာစီလိုနာအသင်းကိုပဲ သွားသွား သူဟာ အောင်မြင်နေတဲ့ အသင်းကိုပြောင်းဖို့ ထိုက်တန်တယ်လို့ ပြောလိုက်ပါတယ်။

မက်ဆီက “ကျနော်က သူ့ကို ဘာစီလိုနာ သွားစေချင်ပေမယ့် သူက ရီးရယ်လ်သွားချင်ရင်လည်း သွားလို့ရပါတယ်။ သူက အောင်မြင်နေတဲ့ အသင်းကိုပြောင်းဖို့ ထိုက်တန်တဲ့သူ“လို့ ပြောခဲ့ပါတယ်။

ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာဖြစ်ပြီး ကလပ်အသင်းကို စာချုပ် သက်တမ်းတိုးမှာ မဟုတ်ဘူးလို့ ပြောထားပေမယ့် လာမယ့်ရာသီ အကုန်ထိ ဆက်ရှိမယ်လို့ ကစားသမားက အတည်ပြု ထားပါတယ်။ 

မက်ဆီနဲ့ ဘတ်ပီကို တွေ့ရစဉ်

အဲဒါကြောင့် ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းကနေ လာမယ့်ရာသီအကုန်မှာ အလွတ်နဲ့ ထွက်ခွာနိုင်လို့ ပြင်သစ် ကလပ်ဟာ သူ့ကို ရောင်းချဖို့ စီစဉ်နေတာပါ။

ဘတ်ပီကို ရီးရယ်လ်အသင်းက ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် ကစားသမားက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း တိုးခဲ့တာကြောင့် ပြင်သစ်ကလပ်မှာ ဆက်ပြီးရှိခဲ့တာ ဖြစ်ပါတယ်။ 

ဘတ်ပီဟာ အနာဂတ်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ချင်တဲ့ ရည်မှန်းချက် အစီအစဉ်ရှိသလို စပိန်ကလပ် ကလည်း ကစားသမားကို လာမယ့် ရာသီအကုန်မှာ အလွတ်နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။

ပီအက်စ်ဂျီအသင်းမှာ အတူတွဲကစားခဲ့တဲ့ မက်ဆီကတော့ ဘတ်ပီကို အောင်မြင်မှုတွေရနိုင်တဲ့ အသင်းဖြစ်တဲ့ ရီးရယ်လ် ဒါမှမဟုတ် ဘာစီလိုနာအသင်းထံ ပြောင်းဖို့ အကြံပေးခဲ့တာ ဖြစ်ပါတယ်။ 

မက်ဆီဟာ ပီအက်စ်ဂျီအသင်းကနေ မထွက်ခွာခင် ဘတ်ပီနဲ့ နှစ်ဦးသား ဒီအကြောင်းအရာတွေကို ပြောခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင်ဟာ လာမယ့်ရာသီ အကုန်မှသာ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်ပြီး လာမယ့် ရာသီ ပီအက်စ်ဂျီအသင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားသွားမယ်လို့ ထုတ်ပြောထားပါတယ်။ 

ဘတ်ပီဟာ မကြာသေးခင်က ပြင်သစ်လက်ရွေးစင် အသင်းနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေ ပါဝင်ကစားခဲ့ပြီး လက်ရှိ အချိန်မှာ ရာသီသစ် မစတင်ခင် အားလပ်ရက် ရထားလို့ အနားယူနေပါတယ်။

Source: besoccer