CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃

လိုက်ပ်ဇစ်အသင်း အားကစားဒါရိုက်တာက နောက်ခံလူ ဂျီဗာဒီရယ်လ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ မန်စီးတီးအသင်းထံ ပြောင်းချင်နေတယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

လိုက်ပ်ဇစ် အားကစားဒါရိုက်တာ မတ်ဇ်အီဘယ်လ်က “ဂျီဗာဒီရယ်လ်နဲ့ အေးဂျင့်တွေက မန်စီးတီးအသင်းထံ ပြောင်းရွှေ့ချင်တဲ့ သူတို့ရဲ့ ဆန္ဒအကြောင်း ပြောခဲ့တာကို ကျနော် အတည်ပြုနိုင်ပါတယ်။ ကျနော်တို့ မန်စီးတီး အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဂျီဗာဒီရယ်လ်ဟာ ဘောလုံးသမိုင်းတစ်လျှောက် ဈေးအကြီးဆုံး နောက်ခံလူ ဖြစ်လာမှာပါ”လို့ ဂျာမန်သတင်း LVZ ကို ပြောသွားပါတယ်။

ဂွာဒီယိုလာဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ခရိုအေးရှား နောက်ခံလူကို အသင်းလူစားရင်းထဲ ထည့်သွင်းဖို့ စိတ်အား ထက်သန်နေတာကြောင့် မန်စီးတီးအသင်းဘက်က အပြောင်းအရွှေ့ ဖြစ်မြောက်အောင် လုပ်ဆောင် ပေးနေတာ ဖြစ်ပါတယ်။ 

အသက် ၂၁ နှစ်အရွယ်ရှိ နောက်ခံလူဟာ မန်စီးတီးအသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီးဖြစ်လို့ ဂျာမန်ကလပ်ဟာ အပြောင်းအရွှေ့အတွက် မန်ချက်စတာကလပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။

လိုက်ပ်ဇစ်အသင်းဟာ ဂျီဗာဒီရယ်လ်အတွက် မန်စီးတီးအသင်းဆီကနေ အနိမ့်ဆုံး ယူရိုသန်း ၁၀၀ လိုချင်နေ တာဖြစ်ပြီး ဒီအပြောင်းအရွှေ့သာ ဖြစ်မြောက်ခဲ့ရင် ခရိုအေးရှား လက်ရွေးစင်နောက်ခံလူဟာ ကမ္ဘာ့ဈေး အကြီးဆုံး နောက်ခံလူအဖြစ် မှတ်တမ်းတင် ခံရမှာဖြစ်ပါတယ်။ 

မန်စီးတီးအသင်းနဲ့ပွဲမှာ ဂျီဗာဒီရယ်လ်က ဟာလန်းကို တားဆီးနေစဉ်

မန်စီးတီးအသင်းဟာ ကိုဗာဆစ်ကို ချယ်လ်ဆီးအသင်းကနေ ပေါင် ၂၅ သန်းနဲ့ ခေါ်ယူပြီးနောက် ခံစစ်ပိုင်းကို အားဖြည့်ဖို့ လုပ်ဆောင်နေပါတယ်။ 

မန်စီးတီးအသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ လာပေါ့တ်ဟာ အသင်းက ထွက်ခွာဖွယ်ရှိသလို ဝေါလ်ကာကလည်း အသင်းမှာ ဆက်ရှိဖို့ မသေချာတာကြောင့် နည်းပြ ဂွာဒီယိုလာဟာ ဂျီဗာဒီရယ်လ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာဟာ ငယ်ရွယ်တဲ့ ဗဟိုနောက်ခံလူတွေကို နှစ်သက်တဲ့သူဖြစ်ပြီး ဂျီဗာဒီရယ်လ်ရဲ့ ဘောလုံးစွမ်းဆောင်ရည်ကို သဘောကျတာကြောင့် လာမယ့်ရာသီ ဆုဖလားတွေ ဆက်ထိန်းဖို့ အသင်းထံ ခေါ်ယူချင်နေတာပါ။ 

ဂျီဗာဒီရယ်လ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်း တတိယ နေရာရရှိအောင် ခံစစ်ပိုင်းမှာ အကောင်းဆုံး စွမ်းဆောင်ခဲ့ပြီးနောက် အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီက လိုက်ပ်ဇစ်အသင်းအတွက် ၄၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၃ ဂိုး သွင်းယူခဲ့ပါတယ်။

Source: Goal