CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကွင်းလယ်လူ ဖရက်ကို အသင်းထံ ခေါ်ယူချင်နေတယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြထားပါတယ်။

မော်ရင်ဟိုဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တုန်းက ဖရက်ကို ရှက်တာဒိုးနက် အသင်းကနေ ခေါ်ယူခဲ့ တာပါ။ အဲဒါကြောင့် ပေါ်တူဂီလူမျိုး နည်းပြဟာ ရိုးမားအသင်းမှာ ဘရာဇီးလ် ကွင်းလယ်လူနဲ့ နောက်ထပ် တစ်ကြိမ် ထပ်မံလက်တွဲပြီး အလုပ်လုပ် ကိုင်ချင်နေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူနိုင်ခဲ့တာကြောင့် ဖရက်ဟာ ပွဲကစား ခွင့်ရဖို့ ပိုပြီး ခက်ခဲလာနိုင်ပါတယ်။

ဒါအပြင် ဘရာဇီးလ်အသင်း ကွင်းလယ် ကစားသမားဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်း ရောင်းချဖို့ လျာထားတဲ့ ကစားသမားစာရင်းထဲမှာ ပါဝင်နေတာကြောင့် အသင်းက ထွက်ခွာဖို့လည်း ဆန္ဒရှိနေ ပါတယ်။ 

မော်ရင်ဟိုကိုတွေ့ရစဉ်

ဒီအချိန်မှာ နည်းပြဟောင်း ဖြစ်ခဲ့တဲ့ မော်ရင်ဟိုက သူ့ကို ရိုးမားအသင်းမှာ နေရာတစ်နေရာပေးဖို့ စဉ်းစားလာ တာပါ။ ရိုးမားအသင်းဟာ လာမယ့်ရာသီမှာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ ပစ်မှတ်ထားနေတာကြောင့် အသင်း လူစာရင်းကို တောင့်တင်းအောင် လုပ်ဆောင်နေပါတယ်။

ဖရက်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းကလည်း စိတ်ဝင်စားနေပြီး မနှစ်ကရာသီ နောက်ဆုံးပွဲ အပြီးမှာ လန်ဒန်ကလပ်ရဲ့ နည်းပြ မာကိုဆေးလ်ဗားနဲ့ ဘရာဇီးလ် ကစားသမားတို့ဟာ စကားပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။ 

ဖရက်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်နှစ်သာ ကျန်ရှိတော့ပြီး မန်ချက်စတာကလပ်ဟာ သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကို ၂၀၁၈ က ရောက်ရှိလာခဲ့တဲ့ ဖရက်ဟာ အသင်းအတွက် ပွဲပေါင်း ၂၁၃ ပွဲ ပါဝင် ကစားထား ပြီး ၁၄ ဂိုး သွင်းယူထားသလို ပြီးခဲ့တဲ့ရာသီက ကာရာဘောင်းဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

Source: Goal