CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၉

ဘရာဇီးလ်အသင်းတိုက်စစ်မှူး နေမာဟာ ဒူးအရွတ်ဒဏ်ရာနဲ့ ဘယ်ဘက်ဒူးအတွင်းအရိုးနုကို ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်တဲ့အတွက် အခုရာသီအကုန်ထိ အနားယူဖွယ်ရှိနေတယ်လို့ သိရပါတယ်။

နေမာဟာ ဘရာဇီးလ်အသင်းက ဥရုဂွေးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်)ပွဲစဉ်ရဲ့ ပထမပိုင်းမပြီးခင်မှာ ဒဏ်ရာရရှိသွားခဲ့တာပါ။ နေမာဟာ ခွဲစိတ်ကုသမှုကြောင့် ကာလရှည်ကြာအနားယူရဖွယ်ရှိတဲ့အတွက် ဘရာဇီးလ်အတွက်ရော အယ်လ်ဟီလယ်အသင်းအတွက်ပါ ကြီးမား တဲ့ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ 

အသက် ၃၁ နှစ်အရွယ်ရှိ နေမာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမှ ပီအက်စ်ဂျီအသင်းကနေ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ ဘရာဇီးလ်တိုက်စစ်မှူးဟာ အယ်လ်ဟီလယ်အသင်းအတွက် ၅ ပွဲသာပါဝင်ကစားပေးထားရတာဖြစ်ပြီး အခုအချိန်မှာ ခွဲစိတ်မှုခံယူရမှာဖြစ်လို့ အသင်းရဲ့ ပွဲစဉ်အများအပြားကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ အယ်လ်ဟီလယ်အသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲနဲ့ အာရှချန်ပီယံလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး သူတို့ရဲ့ အဓိကတိုက်စစ်မှူး နေမာမပါဝင်ဘဲ ဒီပွဲစဉ် တွေကို ကစားရတော့မှာပါ။ 

နေမာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး ပီအက်စ်ဂျီအသင်းမှာကစားခဲ့တဲ့ နောက်ဆုံးနှစ် ရာသီမှာ မတူညီတဲ့ခြေကျင်းဝတ်ဒဏ်ရာတွေကြောင့် လပေါင်းများစွာ အနားယူခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် နေမာဟာ ဘရာဇီးလ်အသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ရခဲ့တဲ့ဒဏ်ရာကြောင့် အုပ်စုနောက်ဆုံးနှစ် ပွဲကို လွဲချော်ခဲ့တာပါ။ နေမာဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပေမယ့် ဒဏ်ရာတွေနှိပ်စက်မှုကြောင့် ကမ္ဘာ့ အကောင်းဆုံးဆုတွေနဲ့ ဝေးကွာနေရတာဖြစ်ပါတယ်။

နေမာအနေနဲ့ လက်ရှိဒဏ်ရာအခြေအနေကနေ အမြန်ဆုံးပြန်လည်မကောင်းမွန်လာဘူးဆိုရင် လာမယ့် နွေရာသီ မှာကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်နိုင်ဖို့ အခက်တွေ့နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source:DailyMail